Skip to main content

ဂဟေဆက်သင်တန်းအမှတ်စဉ် (၄/၂၀၂၄) နှင့် လေအေးပေးစက် တပ်ဆင်/ပြုပြင်ခြင်း သင်တန်းအမှတ်စဉ် (၃/၂၀၂၄) သင်တန်းဖွင့်ပွဲကျင်းပ

နေပြည်တော် အောက်တိုဘာ ၂၄

ဂဟေဆက်သင်တန်း အမှတ်စဉ် (၄/၂၀၂၄) နှင့် လေအေးပေးစက် တပ်ဆင်/ပြုပြင်ခြင်း သင်တန်းအမှတ်စဉ် (၃/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကင်းမြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း) ၌ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ အလုပ်သမားရေးရာဌာနများမှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးလုပ်ငန်း ကော်မတီဝင်များ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်းများ တည်ထောင်ဖွင့်လှစ်ပြီး လုပ်သားဈေးကွက်လိုအပ်ချက်နှင့်ကိုက်ညီသော အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း။

ယခုသင်တန်းတွင် ပါဝင်တက်ရောက်ကြမည့် သင်တန်းသားလူငယ်များအနေဖြင့် လုပ်ငန်းဆိုင်ရာ စာတွေ့အသိပညာဗဟုသုတများနှင့် လက်တွေ့ကျွမ်းကျင်မှုများကို စနစ်တကျ လေ့လာဆောင်ရွက်ကြရန်နှင့် သင်တန်းပြီးမြောက်ချိန်တွင် လက်တွေ့လုပ်ငန်းခွင်များ၌ ပြန်လည်အသုံးချလုပ်ကိုင်ဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ကြည့်ရှုအားပေး

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မင်္ဂလာဒုံစက်မှုဇုန်ရှိ ASIA OPTICAL စက်ရုံသို့ရောက်ရှိပြီး စက်ရုံတွင်းလှည့်လည်ကြည့်ရှု၍ အလုပ်သမားများ လုပ်ငန်းခွင်အတွင်း အေးချမ်းစွာလုပ်ကိုင်နေမှုအခြေအနေများကို ကြည့်ရှုအားပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်းသို့သွားရောက်၍ ထိုင်းနိုင်ငံ၊ ကိုရီးယားနိုင်ငံနှင့် ဂျပန်နိုင်ငံတို့သို့ သွားရောက်အလုပ် လုပ်ကိုင်မည့် အလုပ်သမားများအားတွေ့ဆုံကာ သွားရောက်မည့်နိုင်ငံများ၏ ယဉ်ကျေးမှုဓလေ့ထုံးစံများ၊ သက်ဆိုင်ရာနိုင်ငံများ၏ဥပဒေများ၊ လုပ်ငန်းခွင်အတွင်း ဆောင်ရန်/ ရှောင်ရန်အချက်များ သင်ကြားပို့ချနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး သင်တန်းကျောင်းဝင်းအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်