ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော
ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့
အမိန့်ကြော်ငြာစာအမှတ်၊ ၇ / ၂၀၂၄
၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၃ ရက်
(၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်)
ထိန်းချုပ်ဓာတုပစ္စည်းကို ပြည်ပမှ တင်သွင်းခြင်း၊ ပြည်တွင်းတွင် သယ်ဆောင်ခြင်း၊ သိုလှောင်ခြင်းနှင့် ဖြန့်ဖြူးခြင်းဆိုင်ရာ စံသတ်မှတ်ချက်များ
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့သည် ထိန်းချုပ်ဓာတုပစ္စည်း ကြီးကြပ်ရေးဆိုင်ရာနည်းဥပဒေ ၂ နည်းဥပဒေခွဲ (ခ) အရ ထိန်းချုပ်ဓာတုပစ္စည်းအား ပြည်ပမှတင်သွင်းခြင်း၊ ပြည်တွင်းသို့ သယ်ဆောင်ခြင်းနှင့် သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်းတို့ပြုရာတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၃၀ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ဤအမိန့် ကြော်ငြာစာဖြင့် ထုတ်ပြန်သတ်မှတ်လိုက်သည်။
၁။ အခွင့်ရအရောင်းကိုယ်စားလှယ်(Authorized Dealer) ရသည့် ကုမ္ပဏီတွင်ရှိသင့်သည့် စံသတ်မှတ်ချက်များ (Criteria)
(က) မြန်မာနိုင်ငံကုမ္ပဏီများဥပဒေနှင့်အညီ မှတ်ပုံတင် လက်မှတ်ရရှိပြီးသော ကုမ္ပဏီဖြစ်ရမည်။
(ခ) တင်သွင်းမည့် ထိန်းချုပ်ဓာတုပစ္စည်း အမျိုးအမည်နှင့် အလေးချိန်၊ ထုတ်လုပ်သည့် ပြည်ပကုမ္ပဏီထံမှ အခွင့်ရအရောင်းကိုယ်စားလှယ် (Authorized Dealer) အထောက်အထား စာရွက်စာတမ်း၊ လက်မှတ်မူရင်း တင်ပြနိုင်သူဖြစ်ရမည်။
(ဂ) ထုတ်လုပ်သည့် ပြည်ပကုမ္ပဏီထံမှရယူတင်ပြသော အခွင့်ရအရောင်းကိုယ်စားလှယ် (Authorized Dealer) ၏ အထောက်အထား စာရွက်စာတမ်း၊ လက်မှတ်မူရင်းတို့တွင် သက်ဆိုင်ရာနိုင်ငံ တရားဥပဒေစိုးမိုးရေးအဖွဲ့ (Law Enforcement) ထံမှ ဥပဒေနှင့်အညီ ခွင့်ပြုထား သော ပစ္စည်းဖြစ်ကြောင်း ထောက်ခံချက်နှင့် သက်ဆိုင်ရာသံရုံး၏ မှန်ကန်ကြောင်း အထောက်အထား ပူးတွဲတင်ပြနိုင်ရမည်။
(ဃ) တင်သွင်းသည့် ထိန်းချုပ်ဓာတုပစ္စည်း အမျိုးအစားအလိုက် အမှတ်တံဆိပ်ကို တင်သွင်းသည့်နိုင်ငံတွင် ဥပဒေနှင့်အညီ မှတ်ပုံတင်ထားသည့် အမှတ်တံဆိပ်ရရှိပြီးဖြစ်ရမည်။
(င) မြန်မာနိုင်ငံ သွင်းကုန်ဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်နိုင်သော ကုမ္ပဏီဖြစ်ရမည်။
(စ) ပြည်တွင်းအခွန်ဦးစီးဌာနတွင် အခွန်ကင်းရှင်းကြောင်း သို့မဟုတ် အခွန်အပြည့်အဝ ပေးဆောင်ပြီးကြောင်း အထောက်အထားနှင့်တကွ တင်ပြရမည်။
(ဆ) အခွင့်ရအရောင်းကိုယ်စားလှယ် (Authorized Dealer) မရရှိသည့် ကုမ္ပဏီအနေဖြင့် ထိန်းချုပ်ဓာတုပစ္စည်း ကြီးကြပ်ရေးဆိုင်ရာ နည်းဥပဒေများနှင့်အညီ ပြည်တွင်း ပြန်လည်ရောင်းချသုံးစွဲရန် မူပိုင်ခွင့်ရရှိသည့် ကုမ္ပဏီမှတစ်ဆင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ဝယ်ယူဆောင်ရွက်နိုင်သည်။
(ဇ) ထိန်းချုပ်ဓာတုပစ္စည်း ပြည်ပမှတင်သွင်းခွင့် လျှောက်ထားရာတွင် ပါရှိရမည့် စာရွက်စာတမ်းများအပြင် သိုလှောင်ခြင်း သို့မဟုတ် သယ်ဆောင်ခြင်းတို့အတွက် မလိုလားအပ်သော ဘေးအန္တရာယ်နှင့် ဘေးထွက်ဆိုးကျိုးများမရှိစေရေး လုံခြုံရေးအစီအမံများ စနစ်တကျဆောင်ရွက်ထားသည့် အထောက်အထားများ တစ်ပါတည်းတင်ပြရမည်။
(ဈ) ပြည်တွင်းထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်သည့် ကုမ္ပဏီများအနေဖြင့် ထိန်းချုပ်ဓာတုပစ္စည်းကြီးကြပ်ရေးဆိုင်ရာ နည်းဥပဒေများကို တိကျစွာလိုက်နာဆောင်ရွက်ရမည်။
၂။ ထိန်းချုပ်ဓာတုပစ္စည်း သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်း ဆောင်ရွက်ရာတွင် ရှိသင့်သည့် စံသတ်မှတ်ချက်များ (Criteria)
(က) နိုင်ငံတကာသတ်မှတ်ထားသော စံချိန်၊ စံညွှန်းပြည့်မီသည့် နေရာနှင့် သိုလှောင်ရုံအဆင့်ရှိရမည်။
(ခ) သိုလှောင်ရုံသည် ပြည်သူ့ကျန်းမာရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့မှ စိစစ်ခွင့်ပြုသော သီးသန့်ဇုန်တွင် တည်ရှိရမည်။
(ဂ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၊ ခရိုင်၊ မြို့နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့များ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ထိန်းချုပ်ဓာတုပစ္စည်း စစ်ဆေးရေးအဖွဲ့တို့မှ ဘေးအန္တရာယ်နှင့် လုံခြုံရေးဆိုင်ရာ စိစစ်ထောက်ခံချက်ပါရှိရမည်။
(ဃ) ထိန်းချုပ်ဓာတုပစ္စည်းများ သိုလှောင်ရုံတွင် မမျှော်မှန်းနိုင်သည့် အရေးပေါ်ကိစ္စများ ဖြစ်ပေါ်လာပါက အချိန်မီထိန်းချုပ်နိုင်ရေးအတွက် အရေးပေါ်ထိန်းချုပ်ဓာတုပစ္စည်းဆိုင်ရာ ကျွမ်းကျင်သင်တန်း တက်ရောက်ထားပြီးသော ဂိုဒေါင်လုံခြုံရေးဝန်ထမ်းများဖြင့် စနစ်တကျ ဆောင်ရွက် ရမည်။
(င) သိုလှောင်ရုံအတွင်း အရေးပေါ်ဖြစ်စဉ် ပေါ်ပေါက်ပါက တုံ့ပြန်ထိန်းချုပ်နိုင်ရေး မီးစနစ်၊ ရေစနစ်၊ လေဝင်၊ လေထွက်စနစ်များ အမြဲကောင်းမွန်စေရေး စစ်ဆေးကြပ်မတ်နေရမည်။
(စ) သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ထိန်းချုပ်ဓာတုပစ္စည်း ကြီးကြပ်ရေးဆိုင်ရာ နည်းဥပဒေများပါ လုပ်ထုံးလုပ်နည်းများအတိုင်း တိကျစွာလိုက်နာရမည်။
(ဆ) သက်ဆိုင်ရာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့များနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ထိန်းချုပ်ဓာတု ပစ္စည်းစစ်ဆေးရေးအဖွဲ့များက ထိန်းချုပ်ဓာတုပစ္စည်း သိုလှောင်ရုံများသို့ လာရောက်စစ်ဆေးခြင်းကို ကုမ္ပဏီ တာဝန်ရှိသူများက ခွင့်ပြု၍ ညွှန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်ရမည်။
၃။ ထိန်းချုပ်ဓာတုပစ္စည်း သယ်ဆောင်ခြင်း ဆောင်ရွက်ရာတွင်ရှိသင့်သည့် စံသတ်မှတ်ချက်များ (Criteria)
(က) ထိန်းချုပ်ဓာတုပစ္စည်းအမျိုးအစားအလိုက် နိုင်ငံတကာ သတ်မှတ် စံချိန်၊ စံညွှန်းမီသော သယ်ယူပို့ဆောင်ရေးယာဉ်အမျိုးအစားဖြင့်သာ သယ်ဆောင်ရမည်။
(ခ) ထိန်းချုပ်ဓာတုပစ္စည်းများကြီးကြပ်ရေးအဖွဲ့မှ ခွင့်ပြုချက် ပုံစံ (၁၀) မူရင်း တစ်ပါတည်းပါရှိရမည်။
(ဂ) ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီး ကာကွယ်ရေးဗဟိုကြီးကြပ်ရေးအဖွဲ့၏ လိုင်စင်နှင့် မှတ်ပုံတင်လက်မှတ်တို့ ပါရှိရမည်။
(ဃ) ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၏ သတ်မှတ်ခွင့်ပြုသည့် လုပ်ငန်းလိုင်စင်ရရှိပြီးသော မော်တော်ယာဉ်ဖြစ်ရမည်။
(င) ထိန်းချုပ်ဓာတုပစ္စည်းသယ်ဆောင်မည့် မော်တော်ယာဉ်၏ ယာဉ်မောင်းသည် “င” ယာဉ်မောင်းလိုင်စင်ကိုလည်းကောင်း၊ ယာဉ်နောက်လိုက်သည် ယာဉ်အကူလိုင်စင်ကို လည်းကောင်းရရှိပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အန္တရာယ်ရှိသော ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရာတွင် လိုက်နာရမည့်ရှောင်ရန်နှင့် ဆောင်ရန်အချက်များကို သိရှိလိုက်နာသူ ဖြစ်ရမည်။
(စ) ထိန်းချုပ်ဓာတုပစ္စည်းအမျိုးအစားအလိုက် သိုလှောင်မှုနှင့် သယ်ဆောင်မှုစနစ်များအတိုင်း စနစ်တကျလိုက်နာရမည်။
ဥက္ကဋ္ဌ
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့