Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဘရူနိုင်းနိုင်ငံ ဘန်ဒါဆရီဘီဂါဝမ်တွင် ကျင်းပသည့် (၁၂) ကြိမ်မြောက် အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့တက်ရောက်

နေပြည်တော် အောက်တိုဘာ ၂၄

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၂၃ ရက်မှ ၂၅ ရက်အထိ ဘရူနိုင်းနိုင်ငံ ဘန်ဒါဆရီ ဘီဂါဝမ်မြို့၌ ကျင်းပလျက်ရှိသည့် (၁၂) ကြိမ်မြောက် အာဆီယံ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေး (ASEAN Ministerial Meeting on Disaster Management-AMMDM) နှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်လျက်ရှိသည်။

အောက်တိုဘာ ၂၃ ရက်တွင် ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံအလိုက် အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် အစည်းအဝေးဆိုင်ရာကိစ္စရပ်များ ကြိုတင်ညှိနှိုင်းဆွေးနွေးပြီး အိမ်ရှင်ဘရူနိုင်းနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနဝန်ကြီး ဖြစ်သူ၊ အာဆီယံသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးဥက္ကဋ္ဌ၊ H.E. Dato Seri Setia Awang Haji Ahmaddin bin Haji Abdul Rahman က တည်ခင်းဧည့်ခံသော ညစာစားပွဲအခမ်းအနားသို့ အခြားသော အာဆီယံနိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ လာအိုနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့မှ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာတာဝန်ရှိ ဒုတိယဝန်ကြီးချုပ်များ၊ ဝန်ကြီးများနှင့်အတူ တက်ရောက်ခဲ့သည်။

ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ၂၀၂၄ ခုနှစ် အာဆီယံနေ့အခမ်းအနားနှင့် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံး နိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနား ပထမပိုင်းအစီအစဉ်များသို့ တက်ရောက်သည်။ ယင်းနောက် “Building Resilient ASEAN through Inclusive and Sustainable Disaster Recovery” ဆောင်ပုဒ်ဖြင့် ကျင်းပသည့် (၁၂) ကြိမ်မြောက် အာဆီယံသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ ဆက်လက်တက်ရောက်သည်။

အစည်းအဝေးတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲဆောင်ရွက်မှုများကို သက်ဆိုင်ရာ နိုင်ငံအလိုက် ဝန်ကြီးများက ပြောကြားကြရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ယနေ့အစည်းအဝေး၏ ဆောင်ပုဒ်ဖြစ်သော “Building Resilient ASEAN through Inclusive and Sustainable Disaster Recovery” သည် ဘေးဒဏ်ကြံ့ကြံ့ခံနိုင်သော အာဆီယံဖြစ်လာစေရေးအတွက် လွန်စွာအရေးကြီးပါကြောင်း၊ အာဆီယံဒေသတွင်း နိုင်ငံများအနေဖြင့် ရာသီဥတုပြောင်းလဲမှုနှင့် လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးတို့ကို ဘက်ညီမျှတအောင် ကြိုးပမ်းအားထုတ်နေရပါကြောင်း၊ တွေ့ကြုံလာရသော အဟန့်အတားမှန်သမျှကို တစ်နိုင်ငံချင်းစီအလိုက် တုံ့ပြန်ရန် အကန့်အသတ်များစွာ ရှိပါကြောင်း၊ ဒေသတွင်းနိုင်ငံအားလုံး ပါဝင်သည့် တစ်ခုတည်းသော အာဆီယံ၊ တစ်ခုတည်းသော တုံ့ပြန်မှုဟူသည့် အာဆီယံ၏ ခိုင်မြဲသောဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ မူဝါဒလမ်းစဉ်ဖြင့်သာ ဘေးဒဏ်ကြံ့ကြံ့ခံနိုင်သော အာဆီယံအသိုက်အဝန်းကို ဖော်ဆောင်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။ အာဆီယံနိုင်ငံများကလည်း သက်ဆိုင်ရာနိုင်ငံများအလိုက် ဘေးအန္တရာယ်စီမံခန့်ခွဲဆောင်ရွက်နေမှုများကို ပြောကြားကြသည်။

ယင်းနောက် အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် အာဆီယံလူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးဌာန (AHA Centre) တို့က ၂၀၂၄ ခုနှစ်အတွင်း သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ အာဆီယံသဘောတူစာချုပ် အကောင်အတည်ဖော် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် အာဆီယံသဘာဝဘေး အန္တရာယ်ဆိုင်ရာ ရန်ပုံငွေရရှိသုံးစွဲမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ အာဆီယံအဖွဲ့ဝင်နိုင်ငံဝန်ကြီးများက မေးမြန်းဆွေးနွေးကြသည်။

ယင်းနောက် အစည်းအဝေးကို ခေတ္တရပ်နား၍ အာဆီယံနိုင်ငံများမှ ဒုတိယဝန်ကြီးချုပ်များ၊ ဝန်ကြီးများသည် ဘရူနိုင်းနိုင်ငံ တော်ဝင်အိမ်ရှေ့မင်းသားအိမ်တော်သို့ သွားရောက်ကာ အိမ်ရှေ့မင်းသား HaJi AI-Muhtadee Billah ကို တွေ့ဆုံနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်