Skip to main content

ကမ္ဘာ့မီဒီယာနှင့် သတင်းအချက်အလက်သိနားလည်မှုဆိုင်ရာ ရက်သတ္တပတ်အခမ်းအနားကျင်းပ

နေပြည်တော် အောက်တိုဘာ ၂၄

ကမ္ဘာ့မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှုဆိုင်ရာ ရက်သတ္တပတ် (Global Media and Information Literacy Week) အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ ဇေယျာသီရိမြို့နယ်နှင့် ဇမ္ဗူသီရိမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၊ ခေတ်ရှေ့ဆောင် ကိုယ်ပိုင်အထက်တန်းကျောင်းတို့မှ ဆရာ၊ ဆရာမများ ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ မီဒီယာနှင့်သတင်းအချက် အလက်သိနားလည်မှုဆိုင်ရာ ဝေဖန်သုံးသပ်ခွဲခြားသည့် ပညာပေးမှတ်တမ်း ဗီဒီယိုများကို ပြသသည်။

သတင်းရယူမှုအခြေအနေ တိုးမြင့်လာစေရန်ရည်ရွယ်ကျင်းပ

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက နှုတ်ခွန်းဆက်စကားပြောကြားရာတွင် နှစ်စဉ် အောက်တိုဘာလ၏ စတုတ္ထပတ်ကို ကမ္ဘာလုံးဆိုင်ရာ မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှု ရက်သတ္တပတ်အဖြစ် UNESCO က ဦးဆောင်၍ ၂၀၁၂ ခုနှစ်ကတည်းက ကမ္ဘာတစ်ဝန်း ကျင်းပလာခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် ၂၀၁၈ ခုနှစ်တွင် စတင်ပါဝင်ဆောင်ရွက်ခဲ့ကြောင်း၊ ယနေ့အခမ်းအနားကို ကျင်းပရသည့် ရည်ရွယ်ချက်မှာ ကမ္ဘာတစ်ဝန်းရှိ သက်ဆိုင်သူများအားလုံးအတွက် မီဒီယာနှင့် သတင်းအချက်အလက်သိနားလည်မှုဆိုင်ရာ တိုးတက်မှုကို ပြန်လည်သုံးသပ်ရန်၊ သတင်းရယူမှုအခြေအနေ တိုးမြင့်လာစေရန်နှင့် မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှုဆိုင်ရာတိုးတက်မှုကို ဂုဏ်ပြုရန်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းရှိ ပြည်သူလူထု၏ အသိပညာများ မြှင့်တင်ရေးစည်းရုံးလှုံ့ဆော်မှုများ ဆောင်ရွက်ရန် ဖြစ်ပါကြောင်း။

၂၀၂၄ ခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှုရက်သတ္တပတ်၏ ဆောင်ပုဒ်သည် “The New Digital Frontiers of Information: Media and Information Literacy for Public Interest Information” “သတင်းအချက်အလက် ဒစ်ဂျစ်တယ်နယ်နိမိတ်အသစ်၊ ပြည်သူ့အကျိုးစီးပွား သတင်းအချက်အလက်အတွက် မီဒီယာနှင့် သတင်းအချက်အလက်သိ နားလည်မှု” ဖြစ်ပြီး အခမ်းအနားနှင့်ပတ်သက်သည့် လှုပ်ရှားဆောင်ရွက်မှုများကို အောက်တိုဘာ ၂၄ ရက်နှင့် ၂၅ ရက်တွင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း။

ဆိုရှယ်မီဒီယာကို အကျိုးရှိရှိအသုံးချစေလို

ဆိုရှယ်မီဒီယာကို အကျိုးရှိရှိအသုံးချစေလိုကြောင်း၊ ရှေ့ဆက်ရမည့်ဘဝကိုလည်း စာပေ၊ အသိပညာ၊ အတတ်ပညာများဖြင့် ဖြတ်သန်းစေလိုကြောင်း၊ စာများများဖတ်စေလိုကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်ကလည်း လူငယ်များကိုတန်ဖိုးထား၊ အလေးထားပါကြောင်း၊ လူငယ်ကဏ္ဍသည် အရေးကြီးသည့်အတွက် ခေတ်မီနည်းပညာများကို ကျွမ်းကျင်တတ်မြောက်ကြစေလိုကြောင်း ပြောကြားသည်။

မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ စာအုပ်များ ပေးအပ်လှူဒါန်း

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက မီဒီယာနှင့်သတင်းအချက်အလက် သိနားလည်မှုဆိုင်ရာ အသိပညာပေးစကားဝိုင်းတွင် ပါဝင်ဆွေးနွေးမည့် ဆရာ၊ ဆရာမများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ချီးမြှင့်ပြီး အခမ်းအနားသို့တက်ရောက်လာသည့် ကြီးကြပ်ဆရာ၊ ဆရာမများအား မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ စာအုပ်များပေးအပ်လှူဒါန်းသည်။

ပါဝင်ဆွေးနွေးသူများက ရှင်းလင်းဖြေကြား

ဆက်လက်၍ စကားဝိုင်းဆွေးနွေးပွဲကို “မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှုအရေးပါပုံ” ခေါင်းစဉ်ဖြင့် ဆက်လက်ကျင်းပရာ ဒေါက်တာတင်ဘုန်းကျော်က ညှိနှိုင်းရေးမှူးအဖြစ် ဆောင်ရွက်ပြီး ဒေါက်တာကျော်ကျော်လင်း၊ စာရေးဆရာမ ဒေါ်သက်သက်နွယ် (သက်သက်နွယ်-ရန်ကုန်တက္ကသိုလ်)၊ ဒေါ်ဝင့်ဝင့်အေး (တရားလွှတ်တော်ရှေ့နေ)တို့က Artificial Intelligence (AI) နည်းပညာဖြစ်ပေါ်လာပုံ၊ နည်းပညာ၏ ကောင်းကျိုး၊ ဆိုးကျိုး၊ တီထွင်ဖန်တီးနိုင်မှု၊ စိန်ခေါ်မှုများ၊ AI နည်းပညာနှင့် မီဒီယာဆက်စပ်မှု၊ သတင်းတု၊ သတင်းမှား၊ လုပ်ကြံသတင်းများနှင့် အမုန်းစကားများ ပျံ့နှံ့စေသည့် လူမှုမီဒီယာများ၊ ဆိုရှယ်မီဒီယာ၏ ကောင်းကျိုး၊ ဆိုးကျိုး၊ ဆက်သွယ်ရေးဥပဒေတို့နှင့် စပ်လျဉ်း၍ဆွေးနွေးကြပြီး ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းကြရာ ပါဝင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။

ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မီဒီယာနှင့် သတင်းအချက်အလက်သိနားလည်မှု အရေးပါပုံနှင့်စပ်လျဉ်း၍ အပြန်အလှန်မေးခွန်းများ မေးမြန်းဖြေကြားကြရာ ဆုရရှိသူများကို ဒုတိယဝန်ကြီး ဦးရဲတင့်နှင့် ပါဝင်ဆွေးနွေးသည့် ဆရာ၊ ဆရာမများက ဆုများချီးမြှင့်ကြသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဦးရဲတင့်က နိဂုံးချုပ်အမှာစကားပြောကြားပြီး ကြီးကြပ် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ကံစမ်းမဲများ ဖောက်ပေးခဲ့သည်။

သတင်းစဉ်