နေပြည်တော် အောက်တိုဘာ ၂၄
မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ သရက်ကန်ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းအား ယနေ့နံနက်ပိုင်းတွင် PDF အမည်ခံအကြမ်းဖက်သမားများက Drop Bomb များဖြင့် အကြောင်းမဲ့ပစ်ချတိုက်ခိုက်မှုကြောင့် ဆရာမ ၁ ဦး၊ ကျောင်းသူ ၃ ဦးနှင့် ဒေသခံပြည်သူ ၁ ဦး ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ မြိုင်မြို့နယ်၊ သရက်ကန်ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း၌ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားလျက်ရှိစဉ် ယနေ့နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် PDF အမည်ခံအကြမ်းဖက်သမားများက Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့သဖြင့် ဆရာမ ၁ ဦး၊ ကျောင်းသူ ၃ ဦးနှင့် ဒေသခံပြည်သူ အမျိုးသမီး ၁ ဦးတို့ ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဒဏ်ရာရရှိသူများအား သက်ဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည့်ဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။
PDF အမည်ခံအကြမ်းဖက်သမားများသည် ယခုကဲ့သို့ စစ်ရေးနှင့်သက်ဆိုင်သော ပစ်မှတ်များမဟုတ်ဘဲ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေသည့် ပညာရေးဆိုင်ရာ အဆောက်အဦများကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်ပြီး အဆိုပါအကြမ်းဖက်လုပ်ရပ်အပေါ် ဒေသခံပြည်သူများက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။