Skip to main content

ဒုတိယအကြိမ် မြန်မာ-ရုရှား ရေကြောင်းလုံခြုံရေးဆိုင်ရာလေ့ကျင့်ခန်းဖွင့်ပွဲအခမ်းအနား ကျင်းပ၊ နှစ်နိုင်ငံရေတပ်မှ အရာရှိ၊ စစ်သည်များ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်၊ ရုရှားရေတပ် Russian Pacific Fleet မှ စစ်ရေယာဉ် ၄ စီး ပြန်လည်ထွက်ခွာ

နေပြည်တော် အောက်တိုဘာ ၂၃

ဒုတိယအကြိမ် မြန်မာ-ရုရှား ရေကြောင်းလုံခြုံရေးဆိုင်ရာလေ့ကျင့်ခန်းဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၂၂ ရက် နေ့လယ်ပိုင်းတွင် ရေတပ်လေ့ကျင့်ရေးဌာနချုပ်၊ သီရိမဟာဇေယျကျော်ထင်ခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ တပ်မတော်(ရေ)နှင့် ရုရှားရေတပ်မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာရုရှားစစ်သံမှူးနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။ ဖွင့်ပွဲအခမ်းအနားအပြီးတွင် အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ခြင်းများ ဆောင်ရွက်ခဲ့သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ ဒုတိယအကြိမ် မြန်မာ-ရုရှား နှစ်နိုင်ငံရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းဆောင်ရွက်ရန်နှင့် ချစ်ကြည်ရေးခရီးလည်ပတ်ရန် ရောက်ရှိနေသော ရုရှားရေတပ် Russian Pacific Fleet မှ စစ်ရေယာဉ် ၄ စီးတို့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းမှ ပြန်လည်ထွက်ခွာရာ တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံဆိုင်ရာရုရှားစစ်သံမှူးနှင့် တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ကြသည်။

အဆိုပါစစ်ရေယာဉ်များရောက်ရှိနေစဉ်အတွင်း ရန်ကုန်မြို့ရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာလည်ပတ်ခြင်း၊ နှစ်နိုင်ငံချစ်ကြည်ရေးအားကစားပြိုင်ပွဲများ ပြုလုပ်ခြင်း၊ နှစ်နိုင်ငံစစ်ရေယာဉ်များသို့ အပြန်အလှန်လေ့လာခြင်း၊ ဂုဏ်ပြုညစာစားပွဲများ အပြန်အလှန်ကျင်းပခြင်းနှင့် ဆိပ်ကမ်းအခြေပြုလေ့ကျင့်ခန်းများ ဆောင်ရွက်ခဲ့ကြပြီး တပ်မတော်(ရေ)မှ စစ်ရေယာဉ်များနှင့်အတူ ရေကြောင်းလုံခြုံရေးဆိုင်ရာလေ့ကျင့်ခန်းများ ပူးပေါင်းဆောင်ရွက်ရန်အတွက် လေ့ကျင့်ခန်းဧရိယာသို့ ဆက်လက်ထွက်ခွာသွားကြောင်း သတင်းရရှိသည်။