Skip to main content

(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကျင်းပ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်

နေပြည်တော် အောက်တိုဘာ ၂၃

(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန ၂ ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးနှင့် အခမ်းအနားတက်ရောက်လာကြသူများအား တိုင်းရင်းသားရိုးရာအကအဖွဲ့များက ရိုးရာယဉ်ကျေးမှု အကအလှများဖြင့် ကြိုဆိုကြသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီအတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီတွဲဖက်အတွင်းရေးမှူးနှင့် ဇနီး၊ ကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီတို့မှ ကော်မတီဝင်များ၊ အကဲဖြတ်ပညာရှင်ကြီးများ၊ အုပ်ချုပ်သူများ၊ နည်းပြများနှင့်တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားရာ၌ ယခုကျင်းပပြုလုပ်သည့် အခမ်းအနားသည် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး အောင်မြင်စွာပြီးစီးရေးအတွက် မိမိတို့၏ ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ မေတ္တာ၊ စေတနာအပြည့်အဝဖြင့် ပါဝင်ကူညီပံ့ပိုးပေးခဲ့ကြသည့် ဝါရင့်သမ္ဘာရင့် အနုပညာရှင်ကြီးများ၊ ဗဟို၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အကဲဖြတ်အဖွဲ့ဝင် အနုပညာရှင်များအားလုံးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဂုဏ်ပြုကျင်းပသည့် အခမ်းအနားပင်ဖြစ်ကြောင်း။

ယခုပြိုင်ပွဲကြီးများကို နှစ်စဉ်အစဉ်အလာမပြတ်အသွင်သဏ္ဌာန်သာမက အနှစ်သာရပါပိုမိုပြည့်စုံပြီး အမျိုးသားရေးအဓိပ္ပာယ်ပြည့်ဝစွာ ကျင်းပနိုင်စေရေးနှင့် ပြိုင်ပွဲကြီး၏ရည်ရွယ်ချက်များ တိုးတက်အကောင်အထည်ပေါ်လာစေရေး အလေးထားကျင်းပပေးလျက်ရှိကြောင်း၊ ပြိုင်ပွဲကြီးများတွင် ပညာရှင်ကြီးများအားလုံးက တန်ဖိုးမဖြတ်နိုင်သည့် ပညာရပ်ဆိုင်ရာများကို ကူညီပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြသည့်အတွက် ကျေးဇူးတင်ဂုဏ်ပြုပါကြောင်းကို နိုင်ငံတော်၏ကိုယ်စား အလေးအနက်ထား ပြောကြားလိုကြောင်း။

မိမိတို့ အမျိုးသားယဉ်ကျေးမှုသည် အဖက်ဖက်က ခိုင်မာတောင့်တင်းနေရန်လိုအပ်ကြောင်း၊ သို့မှသာတိုင်းတစ်ပါးယဉ်ကျေးမှုများထဲမှ မြန်မာတို့၏ အမျိုးဘာသာသာသနာ ယဉ်ကျေးမှုများနှင့် လိုက်လျောညီထွေဖြစ်သည့်အချက်များကိုယူပြီး မိမိလူမျိုးတို့နှင့်ကိုက်ညီသည့် အမျိုးသားယဉ်ကျေးမှု အသွင်သဏ္ဌာန်များကို ပြုပြင်ပြောင်းလဲနိုင်ကြမည် ဖြစ်ကြောင်း။

ယခုကဲ့သို့အချိန်အခါမျိုးတွင် မျိုးဆက်သစ်လူငယ်များအပါအဝင် ပြည်သူတစ်ရပ်လုံးအတွက် အမျိုးသားယဉ်ကျေးမှု ထိန်းသိမ်းကာကွယ်စောင့်ရှောက်မှု ကိုယ်ခံစွမ်းအားများ မြင့်မားရှင်သန်နေစေရေးအတွက် အနုပညာစွမ်းအားနှင့် အမြဲတမ်းစေ့ဆော်မြှင့်တင်ပေးရန် အထူးလိုအပ်လျက်ရှိကြောင်း။

မြန်မာ့အနုပညာသမိုင်းကို လေ့လာကြည့်မည်ဆိုပါက ခေတ်အဆက်ဆက် ပေါ်ထွန်းလာခဲ့သည့် အနုပညာရှင်ကြီးများ၏ ထိန်းသိမ်းဆင့်ပွားအမွေပေးခဲ့သည့် ကျေးဇူးတရားများကြောင့် ယနေ့သက်ရှိထင်ရှားရှိနေကြသည့် ဝါရင့်သမ္ဘာရင့်အနုပညာရှင်ကြီးများသည် အဖိုးထိုက်တန်သည့် မြန်မာ့ယဉ်ကျေးမှုအနုပညာဘဏ္ဍာတိုက်ကြီးကို ပိုင်ဆိုင်ထိန်းသိမ်းထားသူများအဖြစ် ရပ်တည်နေနိုင်ခြင်း ဖြစ်ကြောင်း။

ထို့ကြောင့် ဝါရင့်သမ္ဘာရင့် အနုပညာရှင်ကြီးများကလည်း ခေတ်အဆက်ဆက်တွင် ပေါ်ထွန်းခဲ့ကြသည့် ဆရာသခင်အနုပညာရှင်ကြီးများ၏ အစဉ်အလာကောင်း၊ အလေ့အကျင့်ကောင်းများကဲ့သို့ အမွေခံထိန်းသိမ်းထားသည့် အနုပညာဘဏ္ဍာတိုက်ကြီးများကို ပိုမိုခိုင်ခံ့ဝင့်ကြွားတန်ဖိုးကြီးမားလာစေအောင် ပြုစုပျိုးထောင်ပေးရင်း နောင်လာနောက်သား မျိုးဆက်သစ်အနုပညာရှင်များအတွက် အနုပညာအမွေ လက်ဆင့်ကမ်းပေးကြပါရန် တိုက်တွန်းမေတ္တာရပ်ခံလိုပါကြောင်း။

ယခု ငွေရတုပြိုင်ပွဲမှသည် နောင်လာမည့် ရွှေရတု၊ စိန်ရတု ရတုအဆက်ဆက်တိုင် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးပေါင်းများစွာအတွက် ယဉ်ကျေးမှုအနုပညာအမွေများကို လက်ဆင့်ကမ်းပေးဝေပြီး နိုင်ငံနှင့်လူမျိုး၏အကျိုးကို ထမ်းရွက်နိုင်ကြပါစေဟု ဆုတောင်းမေတ္တာ ပို့သတိုက်တွန်းလိုကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဆိုအကဲဖြတ်လုပ်ငန်းအဖွဲ့ကိုယ်စား ဥက္ကဋ္ဌဒေါ်သင်းသင်းမြတ်၊ အကအကဲဖြတ် လုပ်ငန်းအဖွဲ့ကိုယ်စား ဥက္ကဋ္ဌဦးအောင်တင်ဝင်း၊ အရေးအကဲဖြတ်လုပ်ငန်းအဖွဲ့ကိုယ်စား ဥက္ကဋ္ဌဦးမောင်မောင်လတ်နှင့် အတီးအကဲဖြတ်လုပ်ငန်းအဖွဲ့ကိုယ်စား ဥက္ကဋ္ဌဦးအောင်ကိန်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်တွင် ပထမအကြိမ်မှ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ်အထိ အကဲဖြတ်ပညာရှင် အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည့် စည်သူဒေါ်ထား၊ ပြည်ထောင်စုတိုင်းရင်းသားများ၏ ရိုးရာသံစုံတီးဝိုင်းဂီတမှူးသာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးလှိုင်ဝင်းမောင်၊ အဆိုပြိုင်ပွဲ၌ ဝါသနာရှင်(ပထမတန်း)အဆင့်တွင် အသက်အကြီးဆုံးပြိုင်ပွဲဝင် ဦးတင်အုန်း၊ အကပြိုင်ပွဲ၌ အခြေခံပညာအဆင့်(အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အသက်အငယ်ဆုံးပြိုင်ပွဲဝင် မောင်ဟိန်းလင်းမာန်သွေး၊ ဇာတ်တော်ကြီးပြိုင်ပွဲအတွက် ကူညီပံ့ပိုးသူ မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)ဥက္ကဋ္ဌ ဦးဖိုးချစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှအုပ်ချုပ်သူများနှင့် အခမ်းအနားမှူးများကို ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ချီးမြှင့်သည်။

ထို့နောက် အကဲဖြတ်ပညာရှင် စည်သူဒေါ်ထားက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့သည် အခမ်းအနားတက်ရောက်လာကြသူများ၊ ပြိုင်ပွဲဝင်များနှင့်အတူ ဂုဏ်ပြုညစာကို အတူတကွသုံးဆောင်ကြသည်။

ညစာမသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အနုပညာရှင်များ၊ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အနုပညာရှင်များနှင့် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့မှ အနုပညာရှင်များက တေးသံသာများဖြင့် သီဆို၊ တီးမှုတ်၊ ကပြဖျော်ဖြေကြသည်။

ဂုဏ်ပြုညစာစားပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သီဆိုဖျော်ဖြေခဲ့ကြသည့် အနုပညာရှင်များအား ဂုဏ်ပြုပန်းခြင်းပေးအပ်ပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။