နေပြည်တော် စက်တင်ဘာ ၁၉
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီတို့ ပူးပေါင်းကျင်းပသည့် “၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့် သတင်းမီဒီယာများ၏ အခန်းကဏ္ဍ” တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် အွန်လိုင်းဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။ အွန်လိုင်းတွေ့ဆုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းကြိုင် (ဟံသာဝတီ- ဦးအုန်းကြိုင်)၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးနှင့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ တာဝန်ရှိသူများ၊ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့အစည်း (ယူနက်စကို)မှ တာဝန်ရှိသူများနှင့် သတင်းမီဒီယာအဖွဲ့ (၁၉) ဖွဲ့မှ သတင်းမီဒီယာသမား (၁၉) ဦးတို့ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌတို့က အမှာစကား အသီးသီးပြောကြားခဲ့သည်။ ၎င်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ တာဝန်ရှိသူများက ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် သတင်းမီဒီယာဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းပြောကြားခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသည့် သတင်းမီဒီယာသမားများ၏ မေးမြန်းချက်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့သည်။ အွန်လိုင်းတွေ့ဆုံဆွေးနွေးပွဲကို စက်တင်ဘာ ၂၀ ရက် နံနက် ၁၀ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်