Skip to main content

မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်း၌ ဆိုက်ကပ်ထားသော ရာဇသိင်္ခသင်္ဘော မီးလောင်မှုဖြစ်ပွား

မဟာအောင်မြေ  အောက်တိုဘာ ၁၄

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ ၃၇×၃၈ လမ်းကြား ကမ်းနားလမ်းရှိ ဂေါဝိန်ဆိပ်ကမ်း၌ ဆိုက်ကပ်ထားသော ရာဇသိင်္ခသင်္ဘောသည် ယနေ့ နေ့လယ်ပိုင်းက မီးလောင်မှုဖြစ်ပွားကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရှိရသည်။

ဖြစ်စဉ်မှာ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ ၃၇× ၃၈ လမ်းကြား ကမ်းနားလမ်းရှိ ဂေါဝိန်ဆိပ်ကမ်း၌  ဆိုက်ကပ်ထားသော ရာဇသိင်္ခသင်္ဘော ( ဗန်းမော်- မန္တလေး)တွင် ယနေ့ နေ့လယ် ၁ နာရီ ၂၀ မိနစ်ခန့်က ဆီပီပါများထားရှိသည့် သင်္ဘောဝမ်းဗိုက်အား ဂဟေဆော်ရာမှ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုဖြစ်ပွားရာသို့ တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၃၀ဦး ၊အရန်မီးသတ်တပ်ဖွဲ့ဝင် ၇၀ဦး စုစုပေါင်း ၁၀၀ဦး၊ အုပ်ချုပ်မှုယာဉ် ၃ စီး၊ မီးငြှိမ်းသတ်ယာဉ် ၁၀ စီး၊ ရေသယ်ယာဉ် ၅ စီး စုစုပေါင်း ၁၈စီး၊ Foam ဆေးရည် ၂၀၀ ဂါလံခန့်၊ ရေဂါလံ ၁၅၀၀၀ဂါလံခန့်ဖြင့်  သွားရောက်၍ မီးငြှိမ်းသတ်ခဲ့ရာ ၃နာရီ၁၅ မိနစ်ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။

အဆိုပါ မီးလောင်မှုကြောင့် ဘိလပ်မြေအိတ် ၁၀၀လုံး၊ ထုံးအိတ် ၁၀၀လုံး၊ ဒီဇယ်ပီပါ ၁၀၀ လုံးခန့် မီးလောင်ပျက်ဆီးခဲ့ပြီး မီးလောင်မှုနှင့်ပတ်သက်၍ ရေယာဉ်တာဝန်ခံအား မဟာအောင်မြေမြို့နယ်၊ အမှတ်(၇) နယ်မြေရဲစခန်းမှ (ပ)၁၅၆/၂၀၂၄၊ ပုဒ်မ၂၈၅ဖြင့် အမှုဖွင့်အရေးယူထားကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။

မြို့နယ်ပြန်/ဆက်