Skip to main content

တရားမဝင် သစ်မျိုးစုံ၊ စက်သုံးဆီများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် အောက်တိုဘာ ၁၃

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၁၀ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဖျာပုံခရိုင် ကျိုက်လတ်မြို့နယ်အတွင်း၌ တရားမဝင် စက်သုံးဆီ ဒီဇယ်ဆီ ငါးပီပါနှင့် ဓာတ်ဆီ ငါးပီပါ စုစုပေါင်း ခန့်မှန်း တန်ဖိုးငွေကျပ် ၅၄၆၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သရက်ခရိုင်နှင့် ပခုက္ကူခရိုင်တို့အတွင်း၌ တရားမဝင် ကျွန်းသစ် ၀ ဒသမ ၅၃၆ တန်၊ အခြားသစ် ၃ ဒသမ ၀၄၀ တန်၊ ရှားစေးအိတ် ၂၀ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၆၁၀၁၅၃)နှင့် အဆိုပါ သစ်များ တင်ဆောင်ထားသည့် Nissan Diesel Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၆၁၀၁၅၃ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

အောက်တိုဘာ ၁၁ ရက်တွင် ကချင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဝိုင်းမော်မြို့နယ် ဗလမင်းထင်တံတားပူးပေါင်းစစ်ဆေးရေးဂိတ်အနီး၌ မော်တော်ယာဉ်ကိုးစီးပေါ်မှ တရားဝင်စာရွက် စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းလေးမျိုး၊ လူသုံးကုန်ပစ္စည်း တစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၇၀၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Dong Feng Truck ရှစ်စီးနှင့် Cheng Long Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၁၅၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၄၆၂၀၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကျိုင်းတုံမြို့နယ် ကျိုင်းတုံတိုးဂိတ်အနီး ပင်ဆိုင်းဝရွာထိပ်၌ စုပုံထားသော အကောက်ခွန်မဲ့လုပ်ငန်းသုံး ပစ္စည်းနှစ်မျိုး၊ လူသုံးကုန်ပစ္စည်းတစ်မျိုး စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၁၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြစ်ငယ်စစ်ဆေးရေးစခန်း၌ ရန်ကုန်မြို့မှ မန္တလေးမြို့သို့မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း အမျိုး ၂၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၇၀၁၃၉၀၄) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် စက်မှုဇုန်ထုတ် Light Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀၀၀) ကိုလည်းကောင်း၊ ပြင်ဦးလွင်-မန္တလေးလမ်း (၂၁) မိုင်၌ ရပ်တန့်ထားသော မော်တော်ယာဉ်လေးစီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြ နိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း ၁၁ မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၀၂၀၇၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Ka Bar Kyaw Micro Bus တစ်စီး၊ Toyota Hilux Surf တစ်စီး၊ Foton View Mini Bus တစ်စီး၊ Shwe Kyar Micro Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၉၀၀၀၀၀၀)ကိုလည်းကောင်း၊ ရန်ကုန် - မန္တလေးလမ်းဟောင်း (၃၈၆) မိုင်၌ မူဆယ်မြို့မှ မန္တလေးမြို့သို့မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက် စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း ၁၁ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၀၄၅၂၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Caravan တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀၀၀) ကိုလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၁၂၆၆၁၀၄ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ လေဆိပ် (သွင်းကုန်) ၌ တရားဝင်စာရွက် စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း ၁၀ မျိုး၊ လူသုံးကုန် ပစ္စည်းနှစ်မျိုး စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၇၇၅၆၆၇၇၅ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အောက်တိုဘာ ၁၁ ရက်တွင် ဘုရားကြီးမြို့လမ်းဆုံအနီး၌ မန္တလေးမြို့မှရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းနှစ်မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၄၃၉၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck တစ်စီး၊ IVECO Tractor Head တစ်စီးနှင့် နောက်တွဲယာဉ် တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၀၀၀၀၀၀၀) ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ အောက်တိုဘာ ၁၂ ရက်တွင် ပဲခူးခရိုင် အတွင်း၌ တရားမဝင် ကျွန်းသစ် ၁ ဒသမ ၅၆၈ တန်၊ အခြားသစ် ၆ ဒသမ ၆၅၁ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၉၀၃၄၅၆) ကို သစ်တောဥပဒေအရလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၀၂၉၃၄၅၆ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။

၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၀ ရက်၊ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၃၈ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၅၅၂၉၆၄၈၈) ဖမ်းဆီးရမိခဲ့သည်။ ယနေ့ဖမ်းဆီးရမိမှုများတွင် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ တရားမဝင်တင်သွင်းလာသည်ကိုတွေ့ရှိရပြီး ၎င်းစံချိန်စံညွှန်းမပြည့်ဝသည့် ကုန်ပစ္စည်းများကြောင့် နိုင်ငံအတွင်း၌ အခြေခံအဆောက်အဦများ တည်ဆောက်ရာတွင် အရည်အသွေးမပြည့်မီသည့် အဆောက်အဦများ ဖြစ်ပေါ်လာနိုင်သကဲ့သို့ နေထိုင်သူပြည်သူများအတွက်လည်း ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်နိုင်သည်။ သို့ဖြစ်ပါ၍ ၎င်းတရားမဝင်တင်သွင်းမှုများအား သက်ဆိုင်ရာတာဝန်ရှိသူများက ပိုမိုတားဆီးစစ်ဆေးကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်