Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး အိန္ဒိယစားသောက်ဆိုင်နှင့် ဖူဆယ်ဘောလုံးကွင်းဖွင့်ပွဲအခမ်းအနားနှင့် စီမံကိန်းရန်ပုံငွေများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားတက်ရောက်

နေပြည်တော် အောက်တိုဘာ ၁၃

ရွှေမဟာဆောက်လုပ်ရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းစုတို့မှဖွင့်လှစ်မည့် အိန္ဒိယစားသောက်ဆိုင်နှင့် ဖူဆယ်ဘောလုံးကွင်း ဖွင့်ပွဲအခမ်းအနားနှင့် စီမံကိန်းရန်ပုံငွေများ လွှဲပြောင်း ပေးအပ်ပွဲအခမ်းအနားများကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) ၌ကျင်းပရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရ၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)၊ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းနှင့် ရွှေမဟာဆောက်လုပ်ရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးနိုင်ဝင်းတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကာ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများက ဖွင့်လှစ်ရောင်းချမည့် ရွှေမဟာ-Boss အိန္ဒိယ စားသောက်ဆိုင်နှင့် ဖူဆယ်ဘောလုံးကွင်းတို့ကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) ဘက်စုံသုံးခန်းမ၌ကျင်းပသည့် သန်လျင်ခရိုင်အတွင်းရှိ မြို့နယ်လေးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် ကျေးရွာများအတွက် ကျေးရွာကော်မတီဝင်များထံသို့ စီမံကိန်းရန်ပုံငွေများ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနား တက်ရောက်ကြသည်။

အခမ်းအနားတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးမှူးများက တိုင်းဒေသကြီးအတွင်း ဦးစီးဌာနအလိုက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်ကာလအတွင်း သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ကြရန်လိုအပ်ကြောင်း ဆွေးနွေးမှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးတို့က သန်လျင်ခရိုင်အတွင်းရှိ သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွမြို့နယ် လေးမြို့နယ်တို့မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းဆောင်ရွက်မည့် ကျေးရွာသုံးရွာအတွက် ငွေကျပ်သိန်း ၉၀၀၊ ခေတ်မီစံပြကျေးရွာ ထူထောင်ခြင်းစီမံကိန်းနှင့် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်း စီမံကိန်းဆောင်ရွက်မည့် ကျေးရွာသုံးရွာအတွက် ငွေကျပ်သိန်း ၉၆၀၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဆောင်ရွက်မည့် ကျေးရွာ ၂၀ အတွက် ငွေကျပ်သိန်း ၃၀၀၀ စုစုပေါင်း ကျေးရွာ ၂၆ ရွာအတွက် စီမံကိန်းရန်ပုံငွေကျပ်သိန်း ၄၈၆၀ ကို သက်ဆိုင်ရာ ကျေးရွာကော်မတီဝင်များထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်