နေပြည်တော် အောက်တိုဘာ ၁၂
ကျန်းမာရေးကဏ္ဍတွင် လူ့အခွင့်အရေးဆိုင်ရာ ကာကွယ်စောင့်ရှောက်ခြင်း (Topical Issues of Human Rights Protection on Health Care) ခေါင်းစဉ်ဖြင့် (၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သိပ္ပံနှင့်လက်တွေ့အသုံးချကွန်ဖရင့်ကို အောက်တိုဘာ ၁၀ ရက်က ရုရှားနိုင်ငံမော်စကိုမြို့၌ Hybrid format ဖြင့် ကျင်းပခဲ့သည်။
ကွန်ဖရင့်သို့ ကမ္ဘာ့နိုင်ငံ ၅၆ နိုင်ငံမှ လူ့အခွင့်အရေးကော်မရှင် ကိုယ်စားလှယ်များက In-person တက်ရောက်ကြပြီး တာဂျစ်ကစ္စတန်နိုင်ငံ၊ ကာဇက်စတန် နိုင်ငံလူ့အခွင့်အရေးကော်မရှင်များမှ ကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်၊ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့်၊ ဒေါက်တာတင်မောင်မောင်သန်း၊ နိုင်ငံတကာဆက်ဆံရေးဌာန ညွှန်ကြားရေးမှူးနှင့်ဝန်ထမ်းများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
အဆိုပါ ကွန်ဖရင့်တွင် ကျန်းမာရေးကဏ္ဍတွင် လူ့အခွင့်အရေးဆိုင်ရာ ကာကွယ်စောင့်ရှောက်ခြင်း လုပ်ငန်းများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာနိုင်ငံအလိုက် ဆောင်ရွက်ချက်များနှင့် ဖြစ်ပေါ်တိုးတက်မှုများကို ဆွေးနွေးကြပြီး မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌက ကျန်းမာရေးစောင့်ရှောက်မှုရပိုင်ခွင့်ကို အခြေခံလူ့အခွင့်အရေးအဖြစ် အလေးပေးဆောင်ရွက်နေကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုသည် အထူးအခွင့်အရေးတစ်ခု မဟုတ်ဘဲ လူတိုင်းနှင့်သက်ဆိုင်သည့် အခြေခံအခွင့်အရေးတစ်ရပ်ဖြစ်ကြောင်း၊ ပြည်တွင်းတွင် ကျန်းမာရေး အခွင့်အရေးများကို အလေးပေးစောင့်ရှောက်သော ဥပဒေများကိုပြဋ္ဌာန်းပြီး ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍကို အလေးပေးဆောင်ရွက်နေကြောင်း၊ လူ့အခွင့်အရေးတစ်ရပ်ဖြစ်သော ကျန်းမာရေးစောင့်ရှောက်မှုကို လူတိုင်းလက်လှမ်းမီစေရန် ဆောင်ရွက်လျက်ရှိကြောင်း၊ အားလုံးပါဝင်နိုင်ပြီး သာတူညီမျှရှိကာ လက်လှမ်းမီနိုင်သော ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများရရှိနိုင်ရန် ပူးပေါင်းအကြံပြုဆောင်ရွက်လျက်ရှိကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ လူ့အခွင့်အရေးများကို ပိုမိုသိရှိနိုင်စေရန်အတွက် ရန်ကုန်မြို့နှင့်မန္တလေးမြို့များရှိ သူနာပြုတက္ကသိုလ်များတွင် ဟောပြောပွဲများ အပါအဝင်လူ့အခွင့်အရေးအသိပညာပေး ဟောပြောပို့ချမှုများ ထည့်သွင်းဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်