Skip to main content

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး (AML/CFT) ဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ပုဂ္ဂလိကကဏ္ဍ၏ ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်စပ်လျဉ်းသည့် ဆွေးနွေးပွဲကျင်းပ

နေပြည်တော် အောက်တိုဘာ ၁၂

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး (AML/CFT) ဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ပုဂ္ဂလိကကဏ္ဍ၏ ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်စပ်လျဉ်းသည့် ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ရုံး (UMFCCI) ၌ ကျင်းပသည်။

တက်ရောက်

ဆွေးနွေးပွဲသို့ ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အမှုဆောင်အဖွဲ့ဝင်များ၊ ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့၊ မြန်မာနိုင်ငံဘဏ်များအသင်း၊ ငွေရေးကြေးရေးမဟုတ်သော စီးပွားရေးလုပ်ငန်းများနှင့် ကျွမ်းကျင်မှုဆိုင်ရာ အသက်မွေးဝမ်းကျောင်း လုပ်ငန်းအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့ (FATF) ၏ အကြံပြုချက် အချက် ၄၀ အနက် မြန်မာနိုင်ငံကဆောင်ရွက် ပြီးစီးမှု ၂၆ ချက်ကို အာဆီယံနိုင်ငံများနှင့်နှိုင်းယှဉ်၍လည်းကောင်း၊ မြန်မာနိုင်ငံက အကောင်အထည်ဖော်ဆောင်ရွက်ရမည့် အစီအမံ ၁၅ ချက်မှ ဆောင်ရွက်ပြီးစီးခဲ့သည့်အချက်များကို နှစ်အလိုက်အဆင့်တိုးမြှင့်ရရှိမှုများ၊ ၂၀၂၄ ခုနှစ်တွင် အဆင့်တိုးမြှင့်ရရှိခဲ့သည့် အချက်များနှင့် ဆက်လက်ဆောင်ရွက်ရမည့်အချက်များ၊ AML/CFT ဗဟိုအဖွဲ့များနှင့် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်နေမှုများ၊ ML/ TF ဆိုင်ရာ High Risk Area များ၊ High Risk Industry များနှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းပြောကြားပြီး ပုဂ္ဂလိကကဏ္ဍမှဘဏ်များ၊ ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဖော်ထုတ်ရမည့် သတင်း အချက်အလက်များ၊ အစီရင်ခံစာများ၊ ဟွန်ဒီလုပ်ငန်းများ လျော့နည်းပပျောက်ရေးဆောင်ရွက်ရမည့်အချက်များနှင့် ကြီးကြပ်ရေးအာဏာပိုင် အဖွဲ့အစည်းများမှ လက်ရှိဆောင်ရွက်နေမှုများ၊ အွန်လိုင်းမှ တရားမဝင်ငွေရေးကြေးရေး ဆောင်ရွက်နေမှုများအား တားဆီးအရေးယူမှုများကို ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် ဆွေးနွေးပွဲသို့တက်ရောက်လာသူများက သိရှိလိုသည်များ၊ မရှင်းလင်းသည့်အချက်များကိုမေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်