နေပြည်တော် အောက်တိုဘာ ၁၂
၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာပညာသင်ကြားနိုင်ရေးနှင့် စာသင်ကျောင်းများ ဥပဓိရုပ်ကောင်းမွန်စေရေးအတွက်တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများတွင် ကျောင်းပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပျဉ်း မြို့နယ်အပါအဝင် မြို့နယ် (၃) မြို့နယ်တို့၌ လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်အပါအဝင် မြို့နယ် ၁၄ မြို့နယ်တို့၌လည်းကောင်း စာသင်ကျောင်းများ အတွင်း/အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ခြင်ဆေးဖျန်းပေးခြင်း၊ အဘိတ်ဆေးများခတ်ပေးခြင်းနှင့် ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများ တူးဖော်ပေးခြင်းတို့ကို စုပေါင်းဆောင်ရွက်ပေးကြသည်။
ထိုသို့ စာသင်ကျောင်းများပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်အတူ စုပေါင်းဆောင်ရွက်ပေးကြသည်။
ထို့အတူ နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ သံလွင်လမ်းမကြီးမှ ဥပါတသန္တိစေတီတော်မြတ်ကြီး အဝင်လမ်းဘေးဝဲ/ယာ၌လည်းကောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ မိုင်းယန်းမြို့နှင့် မိုင်းယောင်းမြို့တို့ရှိ ပြည်သူ့ဆေးရုံများ၌လည်းကောင်း နယ်မြေခံတပ်မတော်သားများက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့်အတူ ဆေးရုံဝန်းအတွင်း၊ အပြင်ရှိချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ခြင်ဆေးဖျန်းပေးခြင်း၊ ကျန်းမာရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းနှင့် ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများ တူးဖော်ပေးခြင်းများကို စုပေါင်းဆောင်ရွက်ပေးကြသည်။
ယင်းသို့ ဆောင်ရွက်နေမှုများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့်တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။