နေပြည်တော် အောက်တိုဘာ ၁၁
အာဆီယံဒေသတွင်း ပေါက်ကွဲစေတတ်သော လက်နက်ပစ္စည်းများ၏ အန္တရာယ်ကြောင့် ထိခိုက်ခံစားနေရသူများအား ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ပေးရေးနှင့် စိတ်ကျန်းမာရေးလိုအပ်ချက်များ အထောက်အပံ့ပေးရေး ဆိုင်ရာအမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် Hotel Max ၌ ကျင်းပသည်။
ဆွေးနွေးပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီးများ၊ ဆက်စပ်ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံ သံရုံး ယာယီတာဝန်ခံနှင့် ကိုရီးယားသမ္မတနိုင်ငံနှင့် လာအိုနိုင်ငံတို့မှ သံရုံးကိုယ်စားလှယ်များ၊ အာဆီယံဒေသတွင်း မိုင်းလှုပ်ရှားမှုဗဟိုဌာန (ASEAN Regional Mine Action Centre – ARMAC) မှ တာဝန်ရှိသူများ၊ ကုလသမဂ္ဂအဖွဲ့အစည်းနှင့် နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဥက္ကဋ္ဌများ၊ မိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်း အဖွဲ့ဝင်များနှင့် ပြည်တွင်းအစိုးရ မဟုတ်သော အဖွဲ့အစည်းများမှ တာဝန်ရှိ သူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက မိုင်းအန္တရာယ်ထိခိုက်ခံစားရသူများသည် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများအပြင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများရှိကြောင်း၊ ယင်းသို့ထိခိုက်မှုများကြောင့် ၎င်းတို့၏ မိသားစု၊ ပတ်ဝန်းကျင်အပေါ် အတိုင်းအတာတစ်ခုအထိ သက်ရောက်မှုများရှိကြောင်း၊ မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော လက်နက်ပစ္စည်းတစ်ခုခုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကို ပြန်လည်ထူထောင်ပေးခြင်းသည် ရေရှည်လုပ်ဆောင်ရမည့် ကိစ္စတစ်ရပ်ဖြစ်ပြီး ခွဲစိတ်ကုသခြင်း၊ ခွဲစိတ်ကုသပြီး နောက်ဆက်တွဲစောင့်ရှောက်ခြင်း၊ အထောက်အကူပြုပစ္စည်း ကိရိယာများပံ့ပိုးခြင်း၊ ရုပ်ပိုင်းဆိုင်ရာ ကုထုံးဖြင့်ကုသခြင်း၊ အသက်မွေးဝမ်းကျောင်း သင်တန်းဖွင့်လှစ်ပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးခြင်းနှင့် နာကျင် ခံစားမှုလျော့နည်းစေရန် ဆောင်ရွက်ပေးခြင်းစသည့် ဝန်ဆောင်မှုများ လိုအပ်ကြောင်း။
ယနေ့ကျင်းပသည့် အမျိုးသားအဆင့် ညှိနှိုင်းအလုပ်ရုံဆွေးနွေးပွဲတွင် ကွင်းဆင်းလေ့လာတွေ့ရှိ ချက်များကို အခြေခံ၍ ပေါက်ကွဲစေတတ်သော လက်နက်ပစ္စည်းများကြောင့် ထိခိုက်ခံစားနေရသူ များအတွက် ပိုမိုကောင်းမွန်သော ရှေ့လုပ်ငန်းစဉ်များကို ချမှတ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အာဆီယံဒေသတွင်း မိုင်းလှုပ်ရှားမှုဗဟိုဌာန (ASEAN Regional Mine Action Centre – ARMAC) အမှုဆောင်ညွှန်ကြားရေးမှူးဖြစ်သူ Ms. Rothnia Buth က အမှာစကားပြောကြား၍ အလုပ်ရုံဆွေးနွေးပွဲ ဒုတိယပိုင်းအစီအစဉ်ကို ဆက်လက်ကျင်းပပြီး မိုင်းအန္တရာယ်ကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူများအား ကူညီထောက်ပံ့ပေးခြင်းနှင့် စပ်လျဉ်းသည့် နိုင်ငံတကာ မိုင်းလှုပ်ရှားမှု စံသတ်မှတ်ချက်များကို ရှင်းလင်းခြင်း၊ ကွင်းဆင်းလေ့လာတွေ့ရှိချက်များကို ရှင်းလင်းတင်ပြခြင်း၊ တက်ရောက်သူများက လိုအပ်သည်များကို ဝိုင်းဝန်းဆွေးနွေးခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်းတို့ကို ဆောင်ရွက်ကြကာ ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်