Skip to main content

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံနှင့်ပတ်သက်သည့် အစီရင်ခံစာများနှင့် ဆွေးနွေးမှုများတွင် မြန်မာနိုင်ငံ၏ အပြုသဘောပူးပေါင်းဆောင်ရွက်မှုများကို အသိအမှတ်ပြုဖော်ပြသင့်

ဂျီနီဗာမြို့၌ မကြာသေးမီကကျင်းပခဲ့သည့် လူ့အခွင့်အရေးကောင်စီ၏ (၅၇)ကြိမ်မြောက် အစည်းအဝေးကာလအတွင်း မြန်မာနိုင်ငံအပေါ်ဝေဖန်ပြစ်တင်သည့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား(IIMM)၏ အစီရင်ခံစာအပေါ် အပြန်အလှန်ဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်တွင် လည်းကောင်း၊ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ အစီရင်ခံစာအပေါ် အပြန်အလှန်ဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်တွင်လည်းကောင်း သက်ဆိုင်ရာ မြန်မာနိုင်ငံမပါဝင်ဘဲ ပြုလုပ်ခဲ့သည်။ ကောင်စီအနေဖြင့် ၂၀၂၄ ခုနှစ် တစ်နှစ်တာအတွင်း မြန်မာနိုင်ငံအပေါ် ဦးတည်သည့် ယန္တရားများ၏ အစီရင်ခံစာအပေါ် ဆွေးနွေးပွဲ စုစုပေါင်း (၆)ကြိမ် ပြုလုပ်ခဲ့ရာ ယင်းတို့သည် မြန်မာနိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုကို မည်သို့မျှ အကျိုးမပြုသည့်အပြင် ကုလသမဂ္ဂ၏အချိန်နှင့် အရင်းအမြစ်များကိုလည်း အလဟဿကုန်ခန်းစေသည်။

အဖွဲ့ဝင်နိုင်ငံများအကြား တူညီဆန္ဒဖြင့် အတည်ပြုချမှတ်ထားခြင်း မရှိသည့်အပြင် နိုင်ငံတစ်နိုင်ငံတည်းအပေါ် ဦးတည်လျက်နိုင်ငံရေးသွတ်သွင်းထားသော ဆုံးဖြတ်ချက်အဆိုမှ ဆင်းသက်လာသည့် IIMM ယန္တရားအား စတင်တည်ထောင်ချိန်ကတည်းကပင် မြန်မာနိုင်ငံအနေဖြင့် အသိအမှတ်ပြုလက်ခံခဲ့ခြင်းမရှိပါ။ ကောင်စီအစည်းအဝေးကာလအတွင်း ဆွေးနွေးခဲ့သည့် IIMM ၏ အစီရင်ခံစာသည် ခိုင်မာမှုမရှိသောအရင်းအမြစ်များအပေါ် အခြေခံ၍ ကောက်ချက်ချထားသည်ကို တွေ့ရသည်။ ထို့ပြင် အဆိုပါယန္တရားသည် သက်တမ်းအကန့်အသတ် မရှိခြင်း၊ စိစစ်ကြပ်မတ်မှုမရှိခြင်း၊ ကုလသမဂ္ဂမှ ခွဲဝေချထားပေးငွေအပြင် ပြင်ပမှရရှိသော ရန်ပုံငွေများအပေါ် မှီခိုခြင်းတို့ကြောင့် ၎င်း၏ အမှီအခိုကင်းမှု၊ ဘက်မလိုက်မှုနှင့် ဓမ္မဓိဋ္ဌာန်ကျမှုတို့မှာ မေးခွန်းထုတ်ဖွယ်ဖြစ်သည်။

လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး၏ အစီရင်ခံစာတွင် အတည်မပြုနိုင်သော အချက်အလက်များနှင့် အထင်အမြင်လွဲမှားစေသည့် အချက်များအပေါ်အခြေခံသည့် စွပ်စွဲချက်များပါဝင်ရာ မြန်မာနိုင်ငံနှင့် နိုင်ငံတကာအသိုက်အဝန်းအကြား အထင်အမြင်လွဲမှားမှုကို ဖြစ်ပေါ်စေသည်။ ယင်းအစီရင်ခံစာပါ အကျဉ်းသားများအပေါ်ပြုမူဆက်ဆံမှုနှင့် စိတ်ကျန်းမာရေးဆိုင်ရာ စွပ်စွဲချက်များနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်သည် ၂၀၂၁ ခုနှစ်မှစ၍ အကျဉ်းထောင်များသို့ သွားရောက်ကာ အကျဉ်းထောင်အခြေအနေနှင့် အကျဉ်းသားများ ထားရှိမှုနှင့်ပတ်သက်၍ စစ်ဆေးအကြံပြုလျက်ရှိသည်။ မြန်မာနိုင်ငံ သည် စိတ်ကျန်းမာရေးပြဿနာများကိုဖြေရှင်းရန် စိတ်ကျန်းမာရေး မူဝါဒနှင့် စိတ်ကျန်းမာရေး မဟာဗျူဟာစီမံချက်(၂၀၂၁-၂၀၂၄)ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ အဆိုပါစီမံချက်သည် ဆေးရုံများနှင့်အသိုက်အဝန်းများအကြား စိတ်ကျန်းမာရေး စောင့်ရှောက်မှုပေးအပ်ရာတွင် ဘက်စုံလွှမ်းခြုံနိုင်ရန် ရည်ရွယ်သည်။

မဟာမင်းကြီး၏ အစီရင်ခံစာသည် မြန်မာနိုင်ငံအပေါ် စွပ်စွဲချက်များကို စိစစ်အတည်ပြုခြင်းမရှိသည့်အပြင် အစိုးရကတရားဝင်ထုတ်ပြန်ထားသည့် အချက်အလက်များကိုလည်း ချန်လှပ်ထားသည်ကို တွေ့ရသည်။ အထူးသဖြင့် ယင်းအစီရင်ခံစာတွင် PDF များနှင့် လက်နက်ကိုင် အဖွဲ့များ၊ AA ၏ အကြမ်းဖက်မှုများကို လျှော့ပေါ့ဖော်ပြထားပြီး ထိတွေ့မှုဆိုင်ရာစည်းမျဉ်းနှင့် ပြည်တွင်းဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်သော တပ်မတော်၏တန်ပြန်တုံ့ပြန်မှုများကိုမူ တစ်ဖက် စောင်းနင်း ဖော်ပြထားသည်။ အကြမ်းဖက်မှုများကို လုပ်ဆောင်နေ သော အဖွဲ့အစည်းများ၏ အကြမ်းဖက်လုပ်ရပ်များကို အားပေးခြင်းမပြုရန်နှင့်အစိုးရ၏ အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှု တားဆီးရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ကြရန် ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုက်အဝန်းအား တိုက်တွန်းသည်။

နိုင်ငံတော်အစိုးရသည် ရှေ့လုပ်ငန်းစဉ်(၅)ရပ်ကို အကောင်အထည်ဖော်ရန် ကတိကဝတ်ပြုထားသည်နှင့်အညီ မြန်မာနိုင်ငံတွင်လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို ၁-၁၀-၂၀၂၄ ရက်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အောင်မြင်စွာစတင်ကောက်ယူလျက်ရှိရာ လွတ်လပ်၍ တရားမျှတသော အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် အရေးပါသည့် ခြေလှမ်းတစ်ရပ်ဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် လူသားချင်းစာနာမှုအကူအညီများကို အမှန်တကယ်လိုအပ်သူများထံသို့ ခွဲခြားမှုမရှိဘဲ ဖြန့်ဝေပေးနိုင်ရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိသည်။ လုံခြုံရေးဆောင်ရွက်ပေးနိုင်သည့် ဒေသအားလုံးတွင် ကုလသမဂ္ဂအေဂျင်စီများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ လူသားချင်းစာနာမှုအကူအညီများကို ခွင့်ပြုပေး လျက်ရှိသည်။ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်သည့်ဒေသများတွင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအတွက် ကုလသမဂ္ဂအေဂျင်စီများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပြီး အကူအညီပစ္စည်းများ ဖြန့်ဝေရာတွင် အကူအညီပေးသည့် အဖွဲ့အစည်းများ လိုက်ပါနိုင်ရေးအတွက်လည်း ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိသည်။

အစိုးရသည် ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ အထူးသဖြင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုမှာ သိသာစွာ တိုးတက်လာသည်။ ပြီးခဲ့သည့် ဩဂုတ်လအတွင်းက နယူးယောက်မြို့ရှိ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်း များ၏ အရေးပေါ်ညွှန်ကြားရေးမှူးများအဖွဲ့(EDG) မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။ မြန်မာနိုင်ငံအစိုးရအနေဖြင့် ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် ကျင့်သုံးလျက်ရှိသည့်မူဝါဒများနှင့် တွေ့ကြုံရသည့် စိန်ခေါ်မှုများနှင့်ပတ်သက်၍ မြန်မာနိုင်ငံ အခြေစိုက် ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ်အတွင်း(၂)ကြိမ် ပြုလုပ်ခဲ့သည်။

ကုလသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဒီမိုကရေစီလမ်းကြောင်း ဖော်ဆောင်ရေးအတွက် မဆုတ်မနစ်ကြိုးပမ်းမှုများကို အသိအမှတ်ပြုချိန်တန်ပြီဖြစ်သည်။ အပ်ကြောင်းထပ်နေသော ပုံစံတူယန္တရားများဖြင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကို အဟန့်အတားဖြစ်စေခြင်းထက် မြန်မာနိုင်ငံရင်ဆိုင်နေရသော စိန်ခေါ်မှုများကို ဖြေရှင်းရန်အတွက် ယင်းယန္တရားများကိုအဆုံးသတ်ပြီး အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန် ကုလသမဂ္ဂအား တိုက်တွန်းသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

နေပြည်တော်

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်