အောက်တိုဘာ ၁၁
မြန်မာနိုင်ငံက ဒုတိယအကြိမ်အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၁၈) ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များအစည်းအဝေး 18th ASEAN Navy Chiefs' Meeting (18th ANCM) ကို အောက်တိုဘာလ ၁၀ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ M-Gallery Hotel ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ ဘရူနိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ ရေတပ်ဦးစီးချုပ်များနှင့် ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်များ တက်ရောက်ကြသည်။
အစည်းအဝေးအား သဘာပတိကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီးထိန်ဝင်းက ဦးဆောင်၍ကျင်းပခဲ့ပြီး အစည်းအဝေးတွင် အာဆီယံရေတပ်ဦးစီးချုပ်များအတွက် Welcome Video Clip အားပြသသည်။ ထို့နောက် အစီအစဉ်အရ ဆွေးနွေးပွဲခေါင်းစဉ်ဖြစ်သော “ငြိမ်းချမ်းကြွယ်ဝသောဒေသဆီသို့ တက်ညီ လက်ညီ လှော်ခတ်ခြင်း” Sailing Together: Harmony to Peace and Prosperity အား အိမ်ရှင်မြန်မာနိုင်ငံအပါအဝင် ဘရူနိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ တက်ရောက်လာသော ရေတပ်ဦးစီးချုပ်များက နိုင်ငံအလိုက်ဆွေးနွေးကြပြီး စင်ကာပူနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံနှင့် ထိုင်းနိုင်ငံမှ ရေတပ်ဦးစီးချုပ်များက Video Tele-Conference(VTC) ဖြင့်လည်းကောင်း၊ အင်ဒိုနီးရှားနိုင်ငံနှင့် မလေးရှားနိုင်ငံမှ ရေတပ်ဦးစီးချုပ်များက Video Message ပေးပို့၍လည်းကောင်း ပါဝင်ဆွေးနွေးကြသည်။ ထို့နောက် သတင်းအချက်အလက်ဖလှယ်ခြင်းအစီအစဉ်နှင့် အနာဂတ်တွင် ဆောင်ရွက်မည့်အစီအစဉ်များအား ရင်းနှီးပွင့်လင်းစွာဆွေးနွေးကြပြီး (၁၈)ကြိမ်မြောက်အာဆီယံရေတပ်ဦးစီးချုပ်များ အစည်းအဝေး၏ ဆုံးဖြတ်ချက်များအား အတည်ပြုကြသည်။
ဆက်လက်၍ သဘာပတိကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီးထိန်ဝင်းက နိဂုံးချုပ်အမှာစကားပြောကြားပြီး (၁၈)ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များအစည်းအဝေးကို အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။
ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်(ရေ)ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်းက အစည်းအဝေးသို့ တက်ရောက်လာသော အာဆီယံရေတပ်ဦးစီးချုပ်များနှင့် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များအား နှစ်နိုင်ငံသီးခြားစီတွေ့ဆုံ၍ နှစ်နိုင်ငံရေတပ်များအကြား ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ အာဆီယံအဖွဲ့အစည်းအတွင်း ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများနှင့် သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးတို့အတွက် နှစ်နိုင်ငံ ရေတပ်များအကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ အလားတူ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ရေတပ်ဦးစီးချုပ်များ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့များသည်လည်း သီးခြားတွေ့ဆုံဆွေးနွေးမှုများ အပြန်အလှန်ပြုလုပ်ခဲ့ကြသည်။
ညပိုင်းတွင်(၁၈)ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များ အစည်းအဝေး (18th ANCM) သို့တက်ရောက်လာကြသည့် ရေတပ်ဦးစီးချုပ်များနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များအား ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီးထိန်ဝင်းက တည်ခင်းဧည့်ခံသော ဂုဏ်ပြုညစာစားပွဲကို နေပြည်တော်ရှိ M- Gallery Hotel ၌ ပြုလုပ်ရာ အာဆီယံနိုင်ငံများမှ ရေတပ်ဦးစီးချုပ်များ၊ အဖွဲ့ဝင်နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များနှင့် တပ်မတော်(ရေ)မှအရာရှိကြီးများ တက်ရောက်ကြသည်။ ညစာစားပွဲအခမ်းအနားတွင် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်းက နှုတ်ခွန်းဆက်စကားပြောကြားပြီး (၁၉)ကြိမ်မြောက်အစည်းအဝေး၏ အလှည့်ကျအိမ်ရှင်နိုင်ငံဖြစ်သော မလေးရှားနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်အား တာဝန်လွှဲပြောင်းပေးအပ်ကာ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ရေတပ်ဦးစီးချုပ်များ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
အစည်းအဝေးသို့ တက်ရောက်လာသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ရေတပ်ဦးစီးချုပ်များနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များသည် မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း နေပြည်တော်ရှိ သူရဲကောင်းဗိမာန်သို့သွားရောက်၍ အထိမ်းအမှတ်ကျောက်တိုင်ရှေ့၌ ဂုဏ်ပြုပန်းခြင်းဖြင့် အလေးပြုခြင်း၊ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်ထားသည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုခြင်း၊ ဥပါတသန္တိစေတီတော်သို့ သွားရောက်ဖူးမြော်ကြည်ညိုခြင်းနှင့် ရတနာဆင်ဖြူတော်များအား ကြည့်ရှုလေ့လာခြင်း၊ ကျောက်မျက်ရတနာပြတိုက်၊ အမျိုးသားပြတိုက်(နေပြည်တော်)နှင့် M-Gallery Hotel ၌ ရေတပ်စခန်းဌာနချုပ်များမှ ခင်းကျင်းပြသထားသော အမှတ်တရပစ္စည်းအရောင်းဆိုင်များအား ကြည့်ရှုလေ့လာခြင်း၊ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်သို့ သွားရောက်ဖူးမြော်ကြည်ညိုပြီး ဗိုလ်ချုပ်ဈေးနှင့် Junction City များသို့ သွားရောက်လေ့လာလည်ပတ်ခြင်းများ ဆောင်ရွက်ကြသည်။
ယနေ့နံနက်ပိုင်းတွင် (၁၈) ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များအစည်းအဝေး 18th ASEAN Navy Chiefs' Meeting (18th ANCM)ခဲ့ကြသော အာဆီယံရေတပ်ဦးစီးချုပ်များနှင့် ကိုယ်စားလှယ်အဖွဲ့များသည် နေပြည်တော်မှ ပြန်လည်ထွက်ခွာကြရာ တပ်မတော်(ရေ)မှ အရာရှိကြီးများနှင့် တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။