Skip to main content

နိုင်ငံတစ်ဝန်း အကျဉ်းထောင်များတွင် ဆေးကုသခွင့်မရရှိ၍ နိုင်ငံရေးအကျဉ်းသားနှင့် အကျဉ်းသူ ၁၁ ဦး၊ CDM ရဲတစ်ဦး စုစုပေါင်း ၁၂ ဦး သေဆုံးဟု ခေတ်သစ်သတင်းဌာနက မဟုတ်မမှန် လုပ်ကြံသတင်းဖော်ပြ

နေပြည်တော် အောက်တိုဘာ ၉

Khit Thit Media အမည် Facebook Page တွင် အောက်တိုဘာ ၁ ရက်က နိုင်ငံတစ်ဝန်းအကျဉ်းထောင်များတွင် ဆေးကုသခွင့်မရရှိ၍ နိုင်ငံရေးအကျဉ်းသားနှင့် အကျဉ်းသူ ၁၁ ဦး၊ CDM ရဲတစ်ဦး စုစုပေါင်း ၁၂ ဦး သေဆုံးခေါင်းစဉ်ဖြင့် သတင်းတု၊ သတင်းမှား ရေးသားဖော်ပြခဲ့ကြောင်း စိစစ်တွေ့ရှိရသည်။

ဖြစ်စဉ်အား စိစစ်ရာတွင် အကျဉ်းထောင်၌ နိုင်ငံရေးအကျဉ်းသားဟူ၍မရှိဘဲ တည်ဆဲဥပဒေတစ်ရပ်ရပ်ကို ချိုးဖောက်ကျူးလွန်၍ ပြစ်ဒဏ်ကျခံနေရသူများသာဖြစ်ပြီး သေဆုံးအကျဉ်းသား၊ အကျဉ်းသူ ၁၂ ဦးမှာလည်း ၎င်းတို့ပါရှိလာသည့် ရောဂါဝေဒနာများ ခံစားနေရသဖြင့် အကျဉ်းထောင်ဆရာဝန်နှင့် ပြင်ပပြည်သူ့ဆေးရုံကြီးများရှိ ဆရာဝန်များဖြင့် ဆေးဝါးကုသပေးခဲ့သော်လည်း ရောဂါအခြေအနေများ ဆိုးရွားသောကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။

ကျိုက်မရောဗဟိုအကျဉ်းထောင်မှ အကျဉ်းသား ရာရှင်(ခ)ဟာရှင်သည် နှလုံးသွေးကြောကျဉ်းရောဂါ၊ အကျဉ်းသား ပြည့်ဖြိုးအောင်သည် နှလုံးကြွက်သားအားနည်းရောဂါ၊ မကွေးဗဟိုအကျဉ်းထောင်မှ အကျဉ်းသူ မစုမေအောင်သည် စိတ်ကျန်းမာရေးနှင့် အရေပြားလေးဖက်နာရောဂါ၊ ကျောက်ကပ်ရောင်ရောဂါ၊ အဆုတ်ရောင်ရောဂါ၊ ကလေးအကျဉ်းထောင်မှ အကျဉ်းသား ကြည်ရအောင်သည် ခုခံအားကျဆင်းမှုရောဂါ၊ အဆုတ်တီဘီရောဂါ၊ သွေးအားနည်းခြင်းရောဂါ၊ မြင်းခြံဗဟိုအကျဉ်းထောင်မှ အကျဉ်းသူ မရင်မိုးသည် နာတာရှည်ကျောက်ကပ်ပျက်စီးခြင်းရောဂါနှင့် သွေးအဆိပ်တက်ခြင်းရောဂါ၊ ဒိုက်ဦးဗဟိုအကျဉ်းထောင်မှ အကျဉ်းသား အေးဝင်းသည် နှလုံးကြီးခြင်းနှင့် နှလုံးကြွက်သားအားနည်းရောဂါ၊ အကျဉ်းသား ခင်စိုးသည် အစာအိမ်သွေးကြောပေါက်၍ သွေးတွင်းအဆိပ်တက်ခြင်းရောဂါ၊ အကျဉ်းသား လင်းလင်းထွန်းသည် နှလုံးကြွက်သားပျက်စီးခြင်းရောဂါ၊ တီဘီရောဂါနှင့် အသည်းကြီးရောဂါ၊ သရက်အကျဉ်းထောင်မှ အကျဉ်းသား ညီညီသည် သွေးတိုးရောဂါကြောင့် ဦးနှောက်သွေးကြောပေါက်ခြင်းရောဂါ၊ ပြည်အကျဉ်းထောင်မှ အကျဉ်းသား မျိုးသူသည် နှလုံးကြွက်သားအားနည်းရောဂါ၊ အဆုတ်အတွင်းသို့ ရေဝင်ခြင်းရောဂါ၊ အင်းစိန်ဗဟိုအကျဉ်းထောင်မှ အကျဉ်းသား နေလင်းထိုက်သည် ပါးစောင်ကင်ဆာရောဂါကြောင့် အဆုတ်သို့ကင်ဆာဆဲလ်များ ပျံ့နှံ့ခြင်းရောဂါ၊ သထုံအကျဉ်းထောင်မှ အကျဉ်းသား သန့်ဇင်သည် နှလုံးသွေးကြောကျဉ်းရောဂါတို့ဖြင့် သေဆုံးသွားခဲ့ကြခြင်းဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။

ပြည်ထဲရေးဝန်ကြီဌာန အကျဉ်းဦးစီးဌာနသည် အကျဉ်းသား၊ အကျဉ်းသူ၊ အချုပ်သား၊ အချုပ်သူတို့၏ ကျန်းမာရေးစောင့်ရှောက်မှုအား အကျဉ်းထောင် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ စံလုပ်ထုံးလုပ်နည်းများ (SOP)နှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုကို လူမျိုး၊ လိင်၊ ကိုးကွယ်ရာဘာသာ၊ နိုင်ငံသားပြစ်မှု အစရှိသည်တို့ကြောင့် ခွဲခြားမှုမရှိဘဲ တန်းတူညီမျှရရှိစေကာ အကျဉ်းထောင်များတွင် ဆေးရုံအုပ်၊ ဆရာဝန်၊ သွားဘက်ဆိုင်ရာဆရာဝန်၊ ကျန်းမာရေးမှူး၊ သူနာပြု၊ သားဖွားဆရာမ စသည်ဖြင့် ကျန်းမာရေးဝန်ထမ်းများ တာဝန်ချထားပြီး ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျန်းမာရေး စောင့်ရှောက်မှုအတွက် လိုအပ်သော ဆေးဝါးများအား ဦးစီးရန်ပုံငွေမှ လစဉ်ဝယ်ယူခွင့်ပေးလျက်ရှိကာ ကျန်းမာရေးအခြေအနေပေါ်မူတည်၍ အကျဉ်းထောင်ဆေးရုံ၊ ဆေးပေးခန်းများ၌ ကုသမှုပေးပြီး ပြည်သူ့ဆေးရုံသို့ တင်ပို့လွှဲပြောင်းကုသရန် လိုအပ်ပါက လုပ်ထုံးလုပ်နည်းနှင့်အညီ လွှဲပြောင်းပို့ဆောင် ကုသပေးကြောင်း၊ လုံခြုံရေးမထိခိုက်စေရေးအတွက် တာဝန်ရှိသူအဆင့်ဆင့်သို့ တင်ပြခွင့်ပြုချက် တောင်းခံရယူကာ အထောက်အထားမှတ်တမ်းများ ထားရှိကြောင်း၊ အကျဉ်းထောင်တွင် နိုင်ငံရေး အကျဉ်းသား၊ အကျဉ်းသူ၊ အချုပ်သား၊ အချုပ်သူဟူ၍ ခွဲခြားသုံးနှုန်းခြင်းမရှိသကဲ့သို့ အခွင့်အရေးချိုးဖောက်ခံရမှုမရှိကြောင်း၊အကျဉ်းသားအားလုံးသည် အကျဉ်းထောင်ဥပဒေ၊ နည်းဥပဒေပါအတိုင်း လိုက်နာနေထိုင်ရမည်ဖြစ်သကဲ့သို့ အကျဉ်းဦးစီးဌာနဝန်ထမ်းများသည်လည်း အကျဉ်းထောင်ဥပဒေ၊ နည်းဥပဒေပါအတိုင်း လိုက်နာအုပ်ချုပ်ရကြောင်း၊ ဥပဒေ၊ နည်းဥပဒေကို ကျော်လွန်၍ အုပ်ချုပ်ဆောင်ရွက်ခွင့်မရှိကြောင်း သိရသည်။

ထို့ကြောင့် Khit Thit Media အမည်ခံ Facebook Page ကဖော်ပြမှုသည် ပြည်သူအများ အထင်အမြင် လွဲမှားစေရန် သတင်းတု၊ သတင်းမှား ရေးသားထားခြင်းသာဖြစ်ပြီး အကျဉ်းထောင်၏ လုပ်ရိုးလုပ်စဉ် လုပ်ငန်းများကို ထင်ယောင်ထင်မှားဖြစ်စေလိုသော ရည်ရွယ်ချက်ဖြင့် မဟုတ်မမှန်လုပ်ကြံသတင်း ဖော်ပြခြင်းသာဖြစ်သည်။

 သစ္စာ