နေပြည်တော် အောက်တိုဘာ ၉
နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ် ဇဝနသိဒ္ဓိရပ်ကွက်၊ မြတ်လေးလမ်းတွင် နေထိုင်သော ဦးသန်းနိုင်ထွန်း၊ ဇနီးဖြစ်သူ ဒေါ်စောသန္တာဦးနှင့် သားဖြစ်သူ ရွှေအုပ်စိုးတို့မှာ နေအိမ်အတွင်း၌ ဒဏ်ရာများဖြင့် သွေးအိုင်ထဲတွင် လဲကျသေဆုံးနေပြီး ၎င်းတို့ ကိုင်ဆောင်သည့် လက်ကိုင်ဖုန်းသုံးလုံးနှင့် မော်တော်ယာဉ်တစ်စီးတို့မှာလည်း ပျောက်ဆုံးနေသောအမှု ၂၀၂၄ ခုနှစ် ဩဂုတ် ၁၀ ရက်က ဖြစ်ပွားခဲ့သည်။
အဆိုပါအမှုဖြစ်စဉ်နှင့်စပ်လျဉ်း၍ ဘုရားကုန်းမြို့မရဲစခန်း၌ အမှုဖွင့်လှစ်စုံစမ်းစစ်ဆေးခဲ့ပြီး တရားခံ ရဲထက်ကျော် (ခ) ကိုချစ်၊ ကျော်အေး (ခ) ပသိုင်း၊ ကျော်သူနှင့် နန်းကိုသူ (ခ) နန်းမောင်တို့ လေးဦးအပေါ် ရာဇသတ်ကြီးပုဒ်မ ၃၀၂၊ ၃၉၄/၃၄၊ ၂၀၁၊ ၂၀၂/၁၀၉ တို့ဖြင့် ဥတ္တရခရိုင်တရားရုံးသို့လည်းကောင်း၊ ကလေးသူငယ်တရားခံ ဖိုးလပြည့် (ခ) ဝင်းမင်းသူ (ခ) ဇော်ဇော်အပေါ် ရာဇသတ်ကြီးပုဒ်မ ၃၀၂၊ ၃၉၄/၃၄ တို့ဖြင့် ဥတ္တရသီရိမြို့နယ် တရားရုံးသို့လည်းကောင်း တရားစွဲတင်ပို့ခဲ့သည်။
ထိုအမှုများကို ဥတ္တရခရိုင်တရားရုံးက ရာဇဝတ်ကြီးမှုအမှတ် ၃၃/၂၀၂၄ ဖြင့်လည်းကောင်း၊ ဥတ္တရသီရိမြို့နယ်တရားရုံးက ကလေးသူငယ်ရာဇဝတ်ကြီးမှုအမှတ် ၅/၂၀၂၄ ဖြင့်လည်းကောင်း လက်ခံစစ်ဆေးပြီး ၂၀၂၄ ခုနှစ် အောက်တိုဘာ ၈ ရက်တွင် တရားခံ ရဲထက်ကျော် (ခ) ကိုချစ်အပေါ် ဦးသန်းနိုင်ထွန်း ကို ကြိုတင်ကြံရွယ်ချက်ဖြင့် သတ်ဖြတ်ပြီး သေစေသည့်အတွက် ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁) (ခ) အရ သေဒဏ်၊ ဒေါ်စောသန္တာဦးကို ကြိုတင်ကြံရွယ်ချက်ဖြင့် သတ်ဖြတ်ပြီး သေစေသည့်အတွက် ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁) (ခ) အရ သေဒဏ်၊ ရွှေအုပ်စိုးကို ကြိုတင်ကြံရွယ်ချက်ဖြင့် သတ်ဖြတ်ပြီး သေစေသည့်အတွက် ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁)(ခ) အရ သေဒဏ်နှင့် ရာဇသတ်ကြီးပုဒ်မ ၃၉၄ အရ ထောင်ဒဏ် (၂၀) နှစ်၊ တရားခံနန်းကိုသူ (ခ) နန်းမောင်အပေါ် ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁) (ခ)/၁၀၉ အရ သေဒဏ်နှင့် ရာဇသတ်ကြီးပုဒ်မ ၃၉၄/၁၀၉ အရ ထောင်ဒဏ် ဆယ်နှစ်၊ တရားခံကျော်အေး (ခ) ပသိုင်းအပေါ် ရာဇသတ်ကြီးပုဒ်မ ၂၀၁ အရ အလုပ်နှင့်ထောင်ဒဏ်ခုနစ်နှစ်နှင့် ရာဇသတ်ကြီးပုဒ်မ ၂၀၂ အရ အလုပ်နှင့်ထောင်ဒဏ်ခြောက်လ၊ တရားခံကျော်သူအပေါ် ရာဇသတ်ကြီးပုဒ်မ ၂၀၂ အရ အလုပ်နှင့် ထောင်ဒဏ် ခြောက်လ အသီးသီးကျခံစေရန် ဥတ္တရခရိုင်တရားရုံးမှ လည်းကောင်း၊ ကလေးသူငယ်တရားခံ ဖိုးလပြည့် (ခ) ဝင်းမင်းသူ (ခ) ဇော်ဇော်အပေါ် ဦးသန်းနိုင်ထွန်း၊ ဒေါ်စောသန္တာဦး၊ ရွှေအုပ်စိုး တို့ကို သေစေသည့်အတွက် ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (၁) (ခ) အရ ထောင်ဒဏ် ခုနစ်နှစ်စီချမှတ်သော ပြစ်ဒဏ်သုံးရပ်ကို တစ်ပြိုင်တည်း ကျခံစေရန်နှင့် ရာဇသတ်ကြီးပုဒ်မ ၃၉၄ အရ ထောင်ဒဏ်သုံးနှစ်ကို သီးခြားကျခံစေရန် ဥတ္တရသီရိမြို့နယ် တရားရုံးမှလည်းကောင်း အသီးသီးအမိန့်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်