Skip to main content

အာဆီယံခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေးများကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပ

နေပြည်တော် အောက်တိုဘာ ၉

(၁၈) ကြိမ်မြောက် အာဆီယံခရီးသွားလုပ်ငန်း ယှဉ်ပြိုင်စွမ်းရည်မြှင့်တင်ရေးကော်မတီ အစည်းအဝေး၊ (၁၈) ကြိမ်မြောက် အာဆီယံခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အများပြည်သူပါဝင်ရေးကော်မတီ အစည်းအဝေး၊ (၃၂) ကြိမ်မြောက် အာဆီယံခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင်များကြီးကြပ်မှုကော်မတီ အစည်းအဝေးနှင့် (၁၈) ကြိမ်မြောက် အာဆီယံခရီးသွားလုပ်ငန်း အရင်းအမြစ်ရှာဖွေဖော်ထုတ်ရေး၊ ကြီးကြပ်ရေးနှင့်စစ်ဆေးအကဲဖြတ်ရေးကော်မတီ အစည်းအဝေးများကို အောက်တိုဘာ ၉ ရက်မှ ၁၁ ရက်အထိ ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်၌ In Person စနစ်ဖြင့် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည်။

ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးရေး

အဆိုပါ အစည်းအဝေးများ၏ ဖွင့်ပွဲအခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင် တက်ရောက်၍ မြန်မာနိုင်ငံသို့ ခရီးသွားဧည့်သည် တိုးတက်ဝင်ရောက်လာရေးနှင့် ခရီးသွားလုပ်ငန်းကဏ္ဍဖွံ့ဖြိုးလာရေးအတွက် အာဆီယံအပါအဝင် ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ခရီးသွားလုပ်ငန်းသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကို ခိုင်မာအားကောင်းစေသည့်အပြင် ယဉ်ကျေးမှုဖလှယ်ရေးမြှင့်တင်ရာတွင်လည်း အရေးပါကြောင်း၊ ယခုကျင်းပသည့် အစည်းအဝေးများတွင် အာဆီယံနိုင်ငံများရှိ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက်သာမက လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ကျွမ်းကျင်မှုစံသတ်မှတ်ချက်များ၊ အပြန်အလှန် အသိအမှတ်ပြုမှုအစီအစဉ်များလည်း ပါဝင်ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း ပြောကြားသည်။

တာဝန်ယူဆောင်ရွက်

အဆိုပါ အစည်းအဝေးများသို့ မြန်မာနိုင်ငံမှ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန အဆင့်မြင့်အရာရှိကြီးများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အဖွဲ့ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ ဥက္ကဋ္ဌများနှင့်တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး (၁၈) ကြိမ်မြောက် အာဆီယံခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အများပြည်သူပါဝင်ရေးကော်မတီအစည်းအဝေးတွင် မြန်မာနိုင်ငံက ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည်။

ညစာစားပွဲတက်ရောက်

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အာဆီယံခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေးများသို့ ပါဝင်တက်ရောက်လာသည့် အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များအား ကြိုဆိုဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်