နေပြည်တော် အောက်တိုဘာ ၈
စက်မှုဝန်ကြီးဌာန ဝန်ထမ်းမိသားစုများနှင့်အလှူရှင်များ ပူးပေါင်းဆောင်ရွက်မှုဖြင့် ရေဘေးသင့်ခဲ့သည့် နေပြည်တော်ပုဗ္ဗသီရိမြို့နယ် ရွာတော်ကျေးရွာအုပ်စု ကြံဖိုစုကျေးရွာ လျှပ်စစ်မီးပြန်လည် သုံးစွဲနိုင်ခြင်းအခမ်းအနားကို အဆိုပါကျေးရွာ၌ ယနေ့နံနက်ပိုင်းတွင်ကျင်းပရာ စက်မှုဝန်ကြီးဌာန သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ အဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်မိရပ်ဖများ၊ ကျေးရွာနေပြည်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ကြံဖိုစုကျေးရွာ ရပ်မိရပ်ဖတစ်ဦးက ရေဘေးသင့်ခဲ့သဖြင့် ကျေးရွာနေပြည်သူများ အခက်အခဲတွေ့ကြုံခဲ့ရသည့် အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက ကြံဖိုစုကျေးရွာ လျှပ်စစ်မီးပြန်လည်သုံးစွဲနိုင်ရေးအတွက် ကျေးရွာသုံးလျှပ်စစ်မိန်းခလုတ်ကို စတင်ဖွင့်လှစ်ပေးသည်။
ထို့နောက် ကြံဖိုစုကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် တက်ရောက်လာသည့် ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ကျေးရွာပြန်လည်ထူထောင် ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ဆွေးနွေးပြောကြားပြီး ကျေးရွာအတွင်း ရေစီးရေလာကောင်းမွန်ရေးအတွက် ရေမြောင်းများတူးဖော်နေမှုကို အားပေးကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်