ရန်ကုန် အောက်တိုဘာ ၈
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းက မရမ်းကုန်းမြို့နယ်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန တိုင်းဒေသကြီးရုံးသို့ရောက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများနှင့်တွေ့ဆုံကာ တင်ပြချက်များကို ညှိနှိုင်းဆောင်ရွက်ပေးသည်။
အမြဲလေ့လာသင်ယူ
ထို့ပြင် ဒုတိယဝန်ကြီးက အလုပ်သမားဝန်ကြီးဌာနအနေဖြင့် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး၊ လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေးနှင့် ကုန်ထုတ်စွမ်းအားတိုးတက်ရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး၊ လုပ်သားများကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုဖူလုံရေးဆိုင်ရာ အကျိုးခံစားခွင့်များရရှိစေရေး သက်ဆိုင်ရာအလုပ်သမားရေးရာဥပဒေ၊ နည်းဥပဒေများနှင့် စည်းကြပ်ဆောင်ရွက်ပေးနေကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် မိမိတို့၏အဆင့်နှင့်လျော်ညီသည့် လုပ်ငန်းတာဝန်များကို အမြဲလေ့လာသင်ယူပြီး လုပ်ငန်းတာဝန်အလိုက် တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် လုပ်ကိုင်ဆောင်ရွက်ကြရန် မှာကြားသည်။
မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံများဖြစ်သော Wei Hua ၊ Shinning Access ၊ Startex နှင့် Tough Way စက်ရုံတို့သို့ရောက်ရှိပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ပေးကာ စက်ရုံအတွင်း လှည့်လည်ကြည့်ရှုသည်။
အငြင်းပွားမှုပပျောက်ရေး
ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေး၊ ကုန်ထုတ်စွမ်းအား တိုးတက်ရေး၊ အလုပ်သမားရေးရာ အငြင်းပွားမှုလျော့နည်းပပျောက်စေရေး တည်ဆဲအလုပ်သမားရေးရာဥပဒေများနှင့်အညီ အလုပ်ရှင်၊ အလုပ်သမားများက ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ပေးရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်