နေပြည်တော် အောက်တိုဘာ ၈
သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန (DMC) ၌ကျင်းပရာ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်း၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအောက်ရှိ လုပ်ငန်းကော်မတီ ၁၂ ခုမှ အတွင်းရေးမှူးများ၊ ရေဘေးကြောင့် ထိခိုက်ဆုံးရှုံးမှုများပြားခဲ့သည့် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန (DMC) အနေဖြင့် ပြည်ထောင်စုဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၊ သက်ဆိုင်ရာလုပ်ငန်းကော်မတီများကတင်ပြသည့် ရေကြီးရေလျှံမှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ၊ ဆောင်ရွက်ပြီးစီးမှုများ၊ လိုအပ်မှုအခြေအနေများကို အထက်အဆင့်ဆင့်သို့ တင်ပြနိုင်ရေးနှင့်လုပ်ငန်းများ လျင်မြန်ချောမွေ့စေရေးတို့ကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် စီမံဆောင်ရွက်ရာတွင် ပျက်စီးဆုံးရှုံးမှုဆိုင်ရာ အချက်အလက်များတိကျမှန်ကန်ရေးအတွက် တာဝန်ရှိသူအားလုံးက ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပညာသင်ကြားမှု အဆက်မပြတ်စေရေးအတွက် ရာနှုန်းပြည့်နီးပါးဆောင်ရွက်ပြီးဖြစ်သော်လည်း စိုက်ပျိုးရေးနှင့် မွေးမြူရေးတို့ကဲ့သို့သော အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတော်မှ ပံ့ပိုးကူညီရန်လိုအပ်နေမှုများကို ဆောလျင်စွာတင်ပြကြရန်၊ ပြည်တွင်း၊ ပြည်ပစေတနာရှင်များ၏ လှူဒါန်းမှုများကို ရေဘေးသင့်ပြည်သူများသို့ တိုက်ရိုက်အကျိုးရှိရှိ ခံစားခွင့်ရောက်ရှိစေရေး အဆင့်ဆင့်သော သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာနများက ကြီးကြပ်ဆောင်ရွက်ရန်တို့ကို မှာကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီ၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးတို့မှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များမှ တာဝန်ရှိသူများ၊ လုပ်ငန်းကော်မတီ (၁၂) ရပ်မှ အတွင်းရေးမှူးများဖြစ်သည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်