နေပြည်တော် အောက်တိုဘာ ၈
၂၀၂၄ ခုနှစ်၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာအားကစားနည်းများအလိုက် သတ်မှတ်ထားသော အားကစားကွင်း/ရုံများတွင် ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။
၂၀၂၄ ခုနှစ် တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများဖြစ်သည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) အမျိုးသား/အမျိုးသမီးဘော်လီဘောပြိုင်ပွဲ တတိယနေရာလုပွဲများကို ဇေယျာသီရိအားကစားရုံ (B) တွင် အမျိုးသားပွဲစဉ်အဖြစ် ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ) အသင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စခန်းမှူးရုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ) အသင်းက ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စခန်းမှူးရုံးအသင်းအား ၃ ပွဲပြတ်ဖြင့်လည်းကောင်း၊ အမျိုးသမီးပွဲစဉ်အဖြစ် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အသင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စခန်းမှူးရုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အသင်းက ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စခန်းမှူးရုံး အသင်းအား ၃ ပွဲပြတ်ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိပြီး အောက်တိုဘာ ၉ ရက်နေ့တွင် ဗိုလ်လုပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင် ကစားကြမည်ဖြစ်သည်။
မြန်မာ့သိုင်းပြိုင်ပွဲကို ဇေယျာသီရိအားကစားရုံ (C) ၌ အားကစားအမျိုးအစားအလိုက် ဗိုလ်လုပွဲ ပွဲစဉ်များကိုလည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) ပိုက်ကျော်ခြင်းပြိုင်ပွဲကို စစ်ကြောရေးနှင့်တည်းခိုရေးစခန်းရှိ တပ်နယ်အားကစားရုံတို့၌လည်းကောင်း အသီးသီးယှဉ်ပြိုင်ကစားကြသည်။
အလားတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား ဘောလုံးပြိုင်ပွဲကို ညနေပိုင်းတွင် ဇေယျာသီရိတပ်မတော်အားကစားကွင်း၌ တတိယနေရာလုပွဲစဉ်အဖြစ် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စခန်းမှူးရုံး ကိုယ်စားပြုအသင်းနှင့် နေပြည်တော်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စခန်းမှူးရုံး ကိုယ်စားပြုအသင်းက နေပြည်တော်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြုအသင်းအား ၂ ဂိုး ၁ ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။
အဆိုပါအားကစားပြိုင်ပွဲများသို့ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။