ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနသည် အရှေ့အာရှအက်စစ်ဖြစ်ထွန်းမှု စောင့်ကြည့်တိုင်းတာရေးကွန်ရက် (Acid Deposition Monitoring Network in East Asia- EANET) အဖွဲ့အစည်းတွင် အဖွဲ့ဝင်အဖြစ် ၂၀၀၅ ခုနှစ် နိုဝင်ဘာလမှ စတင်ဆောင်ရွက်ခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့ကြီးများ၏ ရွာသွန်းသောမိုးရေများကိုစုဆောင်းကာ မိုးရေတွင် အက်စစ်ဖြစ်ထွန်းမှုအခြေအနေကိုသိရှိရန် မိုးရေ၏ pH တန်ဖိုးများ တိုင်းတာခြင်းလုပ်ငန်းများကို လစဉ်ဆောင်ရွက်လျက်ရှိပါသည်။
ပုံ(၁)
၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်း စခန်း ၃၃ စခန်းမှ မိုးရေနမူနာများ စုဆောင်းရယူခဲ့ပါသည်။ မိုးရေနမူနာတိုင်းတာရရှိခဲ့သည့် စခန်း ၃၃ စခန်းတို့မှ ရွာသွန်းခဲ့သောမိုးရေများ၏ pH တန်ဖိုးများသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ စံသတ်မှတ်ထားသည့် သောက်သုံးရေအတွက် pH တန်ဖိုးနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ စံသတ်မှတ်ထားသည့် သောက်သုံးရေအတွက် pH တန်ဖိုး 6.5 – 8.5 အတွင်းတွင်ရှိကြောင်း တိုင်းတာရရှိခဲ့ပါသည်။
ပုံ(၂)
မိုးရေ၏ pH တန်ဖိုးသည် 5.6 အောက်ရောက်ရှိမှသာ အက်စစ်ဂုဏ်သတ္တိရှိသောကြောင့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း မိုးရေနမူနာ တိုင်းတာရရှိခဲ့သည့်စခန်း ၃၃ စခန်းတို့၌ ရွာသွန်းခဲ့သောမိုးရေများတွင် အက်စစ်ဖြစ်ထွန်းမှုအခြေအနေမရှိကြောင်း တွေ့ရှိရပါသည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန