နေပြည်တော် အောက်တိုဘာ ၇
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်တက္ကသိုလ်၌ ၂၀၂၄ ခုနှစ် အဝေးသင်တက္ကသိုလ် ပထမအသုတ်သိပ္ပံသင်တန်းသားများ အေးချမ်းစွာစာမေးပွဲဖြေဆိုနေမှုကိုလည်းကောင်း၊ ရတနာပုံတက္ကသိုလ်၌ အဝေးသင်ကျောင်းသား ကျောင်းသူများ စာမေးပွဲဖြေဆိုနေမှုကိုလည်းကောင်း သွားရောက်ကြည့်ရှုအားပေးပြီး တက္ကသိုလ်သန့်ရှင်းသာယာရေးနှင့် သက်သာချောင်ချိရေး ဆောင်ရွက်ပေးမှုအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများနှင့်တွေ့ဆုံ၍ စာစစ်လုပ်ငန်းများ အမှားအယွင်းမရှိအောင် ကြီးကြပ်ဆောင်ရွက်ရန်၊ အဝေးသင်ဒုတိယအသုတ်နှင့် တတိယအသုတ်အနီးကပ်သင်တန်းများတွင် ကျောင်းသားကျောင်းသူများ အမှန်တကယ်ပညာတတ်မြောက်အောင် စေတနာထားသင်ကြားပေးရန်၊ နိုဝင်ဘာ ၂၁ ရက်တွင် တက္ကသိုလ်ပုံမှန်တန်းများ ပြန်လည်ဖွင့်လှစ်မည်ဖြစ်သဖြင့် စာသင်ဆောင်များ၊ အိပ်ဆောင်များသန့်ရှင်းရေး စီမံဆောင်ရွက်ရန်နှင့် ဆရာဆရာမများ အရည်အသွေးမြှင့်မွမ်းမံသင်တန်းများ ဖွင့်လှစ်ရန်မှာကြားပြီး တင်ပြချက်များကို ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် မန္တလာတက္ကသိုလ်ရှိ အဝေးသင်ပထမအသုတ် သင်တန်းစာမေးပွဲခန်းများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်သို့ရောက်ရှိကာ ဆရာဆရာမများနှင့်တွေ့ဆုံ၍ ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြားပြီး တက္ကသိုလ်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်