နေပြည်တော်၊ စက်တင်ဘာ ၁၈
မြန်မာအမျိုးသားကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ဦးကောင်းမြင့်ထွဋ်က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၁၈ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။
အဆိုပါ ဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
မြန်မာပြည်သူလူထုအပေါင်းတို့
မြန်မာအမျိုးသားကွန်ဂရက်ပါတီဟာ
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို စစ်အာဏာအငွေ့အသက်ကင်းအောင်ပြင်ဆင်မယ်။ မြန်မာအမျိုးသားကွန်ဂရက်ပါတီရဲ့ ဒီမူဝါဒကို သိပ်ကြိုက်လွန်းမှသာမဲပေးပါ။
မြန်မာပြည်သူလူထုအပေါင်းတို့
အမျိုးသားအကျိုးစီးပွားလို့ အယောင်ပြအော်ဟစ်ရင်း မိမိကိုယ်ကျိုးစီးပွားကိုပဲ ဖြစ်ထွန်းအောင်လုပ်ယူနေကြသူတွေများနေသေးသရွေ့ နိုင်ငံဟာ ပြာပုံထဲကကို တက်နိုင်မှာ မဟုတ်ဘူး။
မြန်မာအမျိုးသားကွန်ဂရက်ပါတီအတွက်တော့ ပြည်သူ့အကျိုးစီးပွားကသာ ပထမဦးစားပေးအဖြစ် ခံယူတယ်။
မြန်မာအမျိုးသားကွန်ဂရက်ပါတီဟာ ခေတ်အဆက်ဆက် စနစ်ဆိုးတွေကြောင့် နစ်နာခဲ့ကြရတဲ့ ဆင်းရဲသားထုကြီးဘက်ကပဲ တစ်သားတည်း ရပ်တည်တယ်။
မြန်မာအမျိုးသားကွန်ဂရက်ပါတီရဲ့ ဒီမူဝါဒကို သိပ်ကြိုက်လွန်းမှသာ မဲပေးပါ။
မြန်မာပြည်သူလူထုအပေါင်းတို့
မြန်မာနိုင်ငံ အောင်မြင်ဖို့အတွက် နှစ်ကာလရှည်ကြာ အမြစ်တွယ်နေတဲ့ နိုင်ငံရေးပြည်တည်နာကို ဖောက်ထုတ်ဖြေရှင်းရဲဖို့ လိုတယ်။
ဆယ်စုနှစ်ပေါင်းများစွာ သွေးချောင်းစီးနေခဲ့ရတဲ့ ပြည်တွင်းပဋိပက္ခတွေကို အဆုံးသတ်ဖို့ လက်တွေ့ကျပြီး ထိရောက်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်လိုတယ်။
တိုင်းရင်းသားတွေကို ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ပေးရမယ်။
ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုမှာ တိုင်းရင်းသားခေါင်းဆောင်စစ်စစ်တွေကို နိုင်ငံတော်ကို ဦးဆောင်ခွင့်ပေးရမယ်။
မြန်မာအမျိုးသားကွန်ဂရက်ပါတီရဲ့ ဒီမူဝါဒကို သိပ်ကြိုက်လွန်းမှသာ မဲပေးပါ။
မြန်မာပြည်သူလူထုအပေါင်းတို့ မြန်မာ့မြေပေါ် နေထိုင်ကြသူတွေမှာ လူအများစုတွေရှိကြသလို လူနည်းစုတွေလည်း ရှိကြတယ်။ လူနည်းစုတွေရဲ့ လူ့အခွင့်အရေးဆိုင်ရာ လိုအပ်ချက်တွေကို အလေးထား လေးစားဖို့လိုတယ်။
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးစံနှုန်းလိုအပ်ချက်တွေအတွက် အများက ဝေဖန်နေတာကို မျက်စိပိတ်၊ နားပိတ် “ဘူး” ခံ ငြင်းဆန်ပြီး ရှောင်ဖယ်နေမယ့်အစား တည့်တည့်တိုးပြီး ရဲရဲရင်ဆိုင်ဖြေရှင်းဖို့လိုတယ်။
မြန်မာအမျိုးသားကွန်ဂရက်ပါတီရဲ့ ဒီမူဝါဒကို သိပ်ကြိုက်လွန်းမှသာ မဲပေးပါ။
မြန်မာပြည်သူလူထုအပေါင်းတို့ ကမ္ဘာကြီးတစ်ခုလုံးက ပြောင်းလဲနေပြီ။ အရာရာမှာ တရားသေ တစ်ကြောင်းတိုက် အယူအဆအစွဲဟောင်းတွေကို ဖက်တွယ်မထားသင့်တော့ဘူး။
လူသားတိုင်းဟာ မိမိရဲ့လိင်ပိုင်းဆိုင်ရာ ခံယူချက်၊ ခံစားမှု၊ လိုလားချက်၊ ယုံကြည်မှုတို့ကို အချုပ်အနှောင်ကင်းကင်း လွတ်လပ်စွာဖော်ထုတ်ပြသနိုင်စွမ်း ရှိရမယ်။
လိင်တူတိမ်းညွှတ်မှုဟာ စာရိတ္တပိုင်းဆိုင်ရာ ချို့တဲ့မှု မဟုတ်ဘူး။
လူ့အဖွဲ့အစည်းတစ်ရပ်မှာ လိင်တူတိမ်းညွှတ်သူတွေရဲ့ ဂုဏ်သိက္ခာ၊ အလုပ်အကိုင်အခွင့်အလမ်းတို့ကို တန်ဖိုးထားလေးစားဖို့ လိုတယ်။
မြန်မာအမျိုးသားကွန်ဂရက်ပါတီဟာ လိင်တူတိမ်းညွှတ်သူတွေဘက်က ရပ်တည်တယ်။
မြန်မာအမျိုးသား ကွန်ဂရက်ပါတီဟာ လိင်တူတိမ်းညွှတ်သူတွေရဲ့ အခွင့်အရေးကို လေးနက်စွာ တန်ဖိုးထား အကာအကွယ်ပေးမယ်။
မြန်မာအမျိုးသားကွန်ဂရက်ပါတီရဲ့ ဒီမူဝါဒကို သိပ်ကြိုက်လွန်းမှသာ မဲပေးပါ။
မြန်မာပြည်သူလူထုအပေါင်းတို့
စောစောက တင်ပြချက်တွေအားလုံးကို အနှစ်ချုပ်ပြီး မြန်မာအမျိုးသားကွန်ဂရက်ပါတီရဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ အောင်နိုင်ရေး ကတိကဝတ်နဲ့ လုပ်ငန်းစဉ်ကို တင်ပြလိုတယ်။
မြန်မာအမျိုးသားကွန်ဂရက်ပါတီအနေနဲ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင် -
၁။ တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်အင်အားစုအားလုံးနဲ့ ထိထိရောက်ရောက် အဖြေထွက်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုချက်ချင်းဆောင်ရွက်မယ်။
၂။ လူနည်းစုများရဲ့ လူ့အခွင့် အရေး ပြဿနာများကိုလက်တွေ့ကျကျ ချက်ချင်း ဖြေရှင်းမယ်။
၃။ လိင်တူလက်ထပ်ခွင့် ဥပဒေပြဋ္ဌာန်းနိုင်ရေးလွှတ်တော်မှာ ဥပဒေပြုနိုင်ဖို့ အင်တိုက်အားတိုက် ကြိုးပမ်း ဆောင်ရွက်မယ်။
၄။ အခြေခံလူတန်းစားများရဲ့ အလုပ်လက်မဲ့ ပြဿနာကို ချက်ချင်း အထိရောက်ဆုံး ဖြေရှင်းမယ်။
၅။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဒေါ်အောင်ဆန်း စုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံအားပေး ပူးပေါင်းဆောင်ရွက်မယ်။
မြန်မာပြည်သူလူထုအပေါင်းတို့
နိုင်ငံရေးပါတီတစ်ရပ်အနေနဲ့ ကိုယ်ယုံကြည်ရာကို အခုလို ပွင့်ပွင့်လင်းလင်း တင်ပြပြောဆိုလိုက်နိုင်တဲ့အတွက် ကျွန်တော်တို့ ကျေနပ်ဂုဏ်ယူတယ်။ နိုင်ငံရေးယုံကြည်ချက်တစ်ရပ်ကို လေးလေးနက်နက်ကိုင်စွဲတဲ့အခါ ချစ်သူခင်သူ၊ လိုလားထောက်ခံသူတွေရှိမှာဖြစ်သလို ဘက်မတူတဲ့အတွက် မုန်းတီးရန်လိုသူတွေလည်းအများအပြားရှိလာနိုင်တယ်။
ဒါ နိုင်ငံရေးလောကဓံရဲ့ သဘာဝပဲ။
မည်သို့ပင်ဆိုစေ
ခေတ်ဆိုးစနစ်ဆိုးတွေရဲ့ ရိုက်ခတ်နှိပ်စက်မှု ဒဏ်ရာဒဏ်ချက်တွေ အပြည့်နဲ့အောက်ခြေဆင်းရဲသား လူထုကြီးရဲ့ရင်ထဲကလိုလားချက်တွေအတိုင်းပဲမြန်မာအမျိုးသားကွန်ဂရက်ပါတီက သတ္တိရှိရှိ ရပ်တည်မယ်။
မြန်မာအမျိုးသားကွန်ဂရက်ပါတီအနေနဲ့ပြည်သူ့မျက်နှာတစ်ခုတည်းကိုသာ ကြည့်မှာဖြစ်တယ်။
ဒါပါပဲ။