နေပြည်တော် အောက်တိုဘာ ၇
၂၀၂၄ ခုနှစ်၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာအားကစားနည်းများအလိုက် သတ်မှတ်ထားသော အားကစားကွင်း/ရုံများတွင် ဆက်လက်ယှဉ်ပြိုင် ကစားကြသည်။
၂၀၂၄ ခုနှစ် တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများဖြစ်သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား (၃၁) ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) တိုက်ကွမ်ဒိုပြိုင်ပွဲကို ဇေယျာသီရိအားကစားရုံ (A) တွင် ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ရာ ဝိတ်တန်းအလိုက် အတိုက်ပြိုင်ပွဲဗိုလ်လုပွဲနှင့် တပ်မတော်တိုက်ကွမ်ဒို လက်ရွေးစင်ကစားသမားများက သရုပ်ပြခြင်းများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားဆက်လက်ကျင်းပရာ ဝိတ်တန်းအလိုက် ပထမ၊ ဒုတိယ၊ တတိယဆုများနှင့် အကောင်းဆုံးကစားသမားဆုရရှိသည့် အားကစားသမားများအား တပ်မတော်တိုက်ကွမ်ဒိုကော်မတီ အတွင်းရေးမှူးကလည်းကောင်း၊ အကောင်းဆုံးနည်းပြဆု၊ အကောင်းဆုံးဒိုင်ဆုရရှိသူများအား မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်မှ ခါးစည်းကော်မတီဥက္ကဋ္ဌကလည်းကောင်း၊ အတိုက်ဝိတ်တန်းအလိုက် ဆုဖလားရရှိသည့်အသင်းနှင့် ကကွက်တံခွန်စိုက်ဆုဖလား၊ အတိုက်တံခွန်စိုက်ဆုဖလားရရှိသည့် အသင်းများအား ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တာဝန်ရှိသူ တစ်ဦးကလည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တံခွန်စိုက်ဆုဖလားကို ရွှေ ၁၀ ခု၊ ငွေ ၇ ခု၊ ကြေး ၄ ခုရရှိသော ရန်ကုန်တိုင်းစစ်ဌာနချုပ်အသင်းအား တပ်မတော်တိုက်ကွမ်ဒိုကော်မတီဥက္ကဋ္ဌကလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ထို့ပြင်တပ်မတော် (ကြည်း၊ ရေ၊ လေ) အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲကို ဇေယျာသီရိအားကစားရုံ (B) တွင် အမျိုးသား/အမျိုးသမီး အကြိုဗိုလ်လုပွဲ ပွဲစဉ်များကိုလည်းကောင်း၊ မြန်မာ့သိုင်းပြိုင်ပွဲကို ဇေယျာသီရိအားကစားရုံ (C) ၌ အားကစားအမျိုးအစားအလိုက်ဗိုလ်လုပွဲ ပွဲစဉ်များကိုလည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) ပိုက်ကျော်ခြင်းပြိုင်ပွဲကို စစ်ကြောရေးနှင့်တည်းခိုရေးစခန်းရှိ တပ်နယ်အားကစားရုံတို့၌လည်းကောင်း အသီးသီးယှဉ်ပြိုင်ကစားကြသည်။
အဆိုပါအားကစားပြိုင်ပွဲများသို့ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။