နေပြည်တော်၊ စက်တင်ဘာ ၁၈
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ဗဟိုကော်မတီဝင်နန်းရီရီဝင်းက ၎င်းတို့၏မူဝါဒ၊ သဘောထား၊ လုပ်ငန်း စဉ်ဟောပြောချက်စာမူအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှတစ်ဆင့် ပေးပို့လာပါသည်။
အဆိုပါ ဟောပြောချက်စာမူအပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
လေးစားအပ်ပါသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားမျိုးနွယ်စုများနှင့် မြန်မာ့ရုပ်မြင်သံကြားအား ကြည့်ရှုအားပေးကြသော မိဘပြည်သူများနှင့် ပအိုဝ်းပြည်သူအပေါင်းတို့ အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာရွှင်လန်းကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ကျွန်မကတော့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)မှ ဗဟိုကော်မတီဝင် နန်းရီရီဝင်း ဖြစ်ပါတယ်ရှင့်။
ဒီကနေ့ မြန်မာ့ရုပ်မြင်သံကြားနှင့် မြန်မာ့အသံထုတ်လွှင့်မှုအစီအစဉ်တွင် မြန်မာနိုင်ငံအတွင်းရှိ မှီတင်းနေထိုင်လျက်ရှိသော တိုင်းရင်းသားမိဘပြည်သူများသိရှိနိုင်ရန် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၏ မူဝါဒ၊ သဘောထား၊ ရှေ့လုပ်ငန်းစဉ်များကို တင်ပြသွားမှာ ဖြစ်ပါတယ်ရှင့်။
ကျွန်မတို့ပါတီ၏ မူဝါဒ၊ သဘောထား၊ ရှေ့လုပ်ငန်းစဉ်များမတင်ပြမီ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) အကြောင်းကို အကျဉ်းမျှတင်ပြလိုပါတယ်။ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ဟု အမည်ပြုခေါ်ဆိုခဲ့သော် လည်း လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလမှ ယနေ့မျက်မှောက်ကာလအထိ အတူနေတိုင်းရင်းသားများ၏ အကျိုးကို ကျောသားရင်သားမခွဲခြားဘဲ အေးအတူပူအမျှ မျှတသောအကျိုးများ ဆောင်ကြဉ်းပေးလျက်ရှိကြောင်းကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ဆက်စပ်နယ်မြေများမှ တိုင်းရင်းသားတို့၏ လုံခြုံရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေး၊ သောက်သုံးရေဖူလုံရေး၊ အခြေခံကျသောစီးပွားရေး၊ ပညာ ရေး၊ ကျန်းမာရေးနှင့် လူမှုရေးရာအဖြာဖြာစသည့် နိုင်ငံရေးလိုအပ်ချက်များဖော်ဆောင်မှုအပေါ် လေ့လာခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်နေမှုများကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့နိုင်ပါတယ်။
ဆက်လက်၍ ကျွန်မတို့ပါတီ၏ နောက်ခံသမိုင်းအကျဉ်းကို တင်ပြလိုပါတယ်။ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတွင် တိုင်းရင်းသားလူမျိုးပေါင်း (၁၃၅) မျိုးရှိသည့်အနက် ပအိုဝ်းတိုင်းရင်းသားသည် သတ္တမမြောက် လူဦးရေအများဆုံးလူမျိုး ဖြစ်ပါတယ်။ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ပျံ့နှံ့စွာနေထိုင်လျက်ရှိပါတယ်။ အင်္ဂလိပ်နယ်ချဲ့ တော်လှန်ရေး၊ ဖက်ဆစ်ဂျပန်တော်လှန်ရေးနှင့် လွတ်လပ်ရေးကြိုးပမ်းမှုများတွင် ပအိုဝ်းတိုင်းရင်းသား တို့သည် နိုးကြားတက်ကြွစွာပါဝင်ခဲ့ပြီး မြန်မာ့လွတ်လပ်ရေးပန်းတိုင်တစ်ခု ဖြစ်သည့် ပင်လုံစာချုပ်တွင် ပအိုဝ်းအမျိုးသားခေါင်းဆောင် ဦးဖြူက ပါဝင်လက်မှတ်ရေးထိုးခဲ့ပါတယ်။
ဒုတိယကမ္ဘာစစ်အပြီး ကမ္ဘာတစ်ဝန်း လူမျိုးအသီးသီးတို့မှ နိုင်ငံရေးနိုးကြားတက်ကြွလာရာ ပအိုဝ်းတိုင်းရင်းသားများသည်လည်း ၁၉၄၇ တွင် ပအိုဝ်းစုစည်းအဖွဲ့ ခေါ် ပအိုင်လွောင်ဗူကို စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၅၀ တွင် ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပအမဖ)အမည်ဖြင့် ပြောင်းလဲဖွဲ့စည်း၍ ၁၉၅၂၊ ၁၉၅၆၊ ၁၉၆ဝ နှင့် ၁၉၉၀ ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၁၉၅၆ ရွေးကောက်ပွဲတွင် ပါလီမန်အမတ်(၁)ဦးနှင့် ကျန်ရွေးကောက်ပွဲများတွင် ပါလီမန်အမတ်(၃)ဦးစီဖြင့် ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရပါတယ်။
၂၀၁၀ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန်အတွက် ပအိုဝ်းအမျိုးသားထုတစ်ရပ်လုံးကို လွှမ်းခြုံပြီး ကိုယ်စားပြုနိုင်သည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ကို ပဉ္စမအကြိမ် ညီလာခံမှ တညီတညွတ်တည်းဆုံးဖြတ်ကာ ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ ၂ဝ၁ဝ နှင့် ၂၀၁၅ အထွေထွေရွေးကောက် ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပအိုဝ်းလူမျိုးများနှင့်ဒေသခံများ၏ စည်းလုံးညီညွတ်မှု၊ အားပေးမှုများကြောင့် မဲဆန္ဒနယ်(၁၀)ခုမှ လွှတ်တော်ကိုယ်စားလှယ်(၁၀)ဦးကို တင်မြှောက်နိုင်ခဲ့ပါတယ်။ သက်တမ်းကာလ (၂)ကြိမ်အတွင်း ရွေးကောက်တင်မြှောက်ခြင်းခံရသော (PNO) ကိုယ်စားပြုလွှတ်တော်ကိုယ်စား လှယ်များသည် လွှတ်တော်တွင်သော်လည်းကောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့တွင် သော် လည်းကောင်း၊ လွှတ်တော်ပြင်ပ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင်သော်လည်းကောင်း တာဝန်ကျေပွန်စွာဖြင့် ဆောင်ရွက်ခဲ့ကြသည်ကို ဒေသခံ မိဘပြည်သူများ သိရှိတွေ့မြင်နေရပြီး ဖြစ်ပါတယ်ရှင့်။
ကျွန်မတို့ဒေသတွင် ပညာရေးကိုအဓိကထား၍ ပညာရေးစီမံချက်ကို ပြည်သူ့လှုပ်ရှားမှုအသွင်ဖြင့် ၁၉၉၁-ခုနှစ်ကတည်းက စတင်အကောင်အထည် ဖော်လာခဲ့ရာ ပအိုဝ်းဒေသအတွင်း ဆရာများ၏လိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ခဲ့သည့်အတွက် ဘွဲ့ရလူငယ်များ နှစ်စဉ်တိုးတက်လာလျက်ရှိပြီး နယ်ပယ်အသီးသီးတွင် နိုင်ငံ့အကျိုးကို သယ်ပိုးထမ်းဆောင်လျက်ရှိနေပါပြီ။ လွှတ်တော်ကိုယ်စားလှယ်များ၏ ကြိုးစားဆောင်ရွက်မှုများနှင့် မိဘပြည်သူတို့၏ ပူးပေါင်းပါဝင်မှုများကြောင့် ကဏ္ဍပေါင်းစုံတွင်လည်း ဖွံ့ဖြိုးတိုးတက်လာလျက်ရှိပြီး ဖွံ့ဖြိုးတိုးတက်နေသည့်အရှိန်များကို ရွေးကောက်ခံမည့် ကိုယ်စားလှယ်များကလည်း အစွမ်းကုန် ကြိုးစားဆောင်ရွက်သွားမည့်အပြင် လူနေမှုအဆင့်အတန်းမြင့်မားရေးနှင့် စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး တို့ကိုလည်း ကြိုးစားဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်(PNO)၏ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ပအိုဝ်း ဘာသာဖြင့် “လို မု စီ ပွာ ယံထင် ထို အွဉ်ဝင် သော့မဲးနဂါယို” ဖြစ်ပြီး မြန်မာဘာသာဖြင့် “လူမှုစီးပွားတိုးတက်ဖို့ နဂါး မဲ ကို ထည့်ကြစို့” ဆိုသည့် ဆောင်ပုဒ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်ရှင့်။
လေးစားအပ်ပါသော မိဘပြည်သူအပေါင်းတို့ရှင့်
ကျွန်မတို့ပါတီ၏ ယုံကြည်ချက်ကို တင်ပြရမည်ဆိုရင် -
(၁) ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ ဒို့တာဝန်အရေး(၃)ပါး ကို အစဉ်တစိုက် စောင့်ထိန်းသွားမည်။
(၂) ပအိုဝ်းတိုင်းရင်းသားများသည် အခြားညီနောင်တိုင်းရင်းသားများနှင့်အတူ ပြည်ထောင်စုအတွင်း အေး အတူပူအမျှ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းတည်းဟူသော လောကပါလတရားနှင့်အညီ ငြိမ်း ချမ်းသာယာဝပြောရေးနှင့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများရရှိအောင် စဉ်ဆက်မပြတ်ဆောင် ရွက်သွားမည်။
(၃) နိုင်ငံတော်အတွင်း လူမျိုးရေးတန်းတူညီမှုဖြင့် မည်သည့်နေရာ၊ မည်သည့်ဒေသတွင် နေထိုင်စေကာမူ စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြင့် ပြည်ထောင်စုစိတ်ဓာတ်ကို ခိုင်မြဲစွာမွေးမြူလျက် ထာဝစဉ်စည်းလုံး ညီညွတ်စွာ လက်တွဲနေထိုင်ပြီး ပါတီစုံဒီမိုကရေစီစနစ် ဖွံ့ဖြိုးရှင်သန်လာအောင် ဆောင်ရွက်သွားမည်။
(၄) တိုင်းရင်းသားများအားလုံး မျှော်လင့်လျက်ရှိသည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်နိုင်ရေးအတွက် အစဉ်ရှေးရှုလျက် ဆောင်ရွက်သွားမည်။
ဆက်လက်၍ ကျွန်မတို့ပါတီ၏ ရည်ရွယ်ချက်အချုပ်ကို တင်ပြရမည်ဆိုရင် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများအားလုံး တန်းတူရည်တူ အပြန်အလှန်လေးစားတန်ဖိုးထားမှုများဖြင့် စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ကို ထာဝစဉ်ရှင်သန်စေပြီး ဥပဒေဘောင်အတွင်း အေးအတူပူအမျှ အတူတကွစုပေါင်း နေထိုင်သောမူဖြင့် ဖော်ဆောင်သွားပါမည်။ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ခြင်းဖြင့် မြို့ပြနှင့်ကျေးလက်ဒေသ၏ လူမှုဘဝနှင့်ဒေသဖွံ့ဖြိုးရေးများကို ဟန်ချက်ညီညီဖြင့် ဖော်ဆောင်သွားပါမည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီးဆီသို့ ဦးတည်၍ သွေးစည်းညီညွတ်စွာ ဖော်ဆောင်သွားပါမည်။
လေးစားအပ်ပါသော မိဘပြည်သူအပေါင်းတို့ရှင့်
ကျွန်မတို့ပါတီ၏ ရှေ့လုပ်ငန်းစဉ်(၇)ရပ်ကို ဆက်လက်ပြီး တင်ပြလို ပါတယ်ရှင့် -
(၁) ပအိုဝ်းလူမျိုးများ၏ စကား၊ စာပေ၊ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်း၊ အမျိုးသားရေးလက္ခဏာနှင့် သမိုင်းအမွေအနှစ်များကို ထိန်းသိမ်း စောင့်ရှောက်၍ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ပြီး မိမိတို့၏အမျိုးဂုဏ်၊ ဇာတိဂုဏ်တို့ကို သားစဉ်မြေးဆက်အထိ အမွေကောင်းများပေးနိုင်ရန် ဖော်ဆောင်သွားမည်။
(၂) တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှုကို ရှေးရှု၍ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူကိုစွဲကိုင်ကာ အပြန်အလှန်လေးစားတန်ဖိုး ထားပြီး ဒေသတွင်း တည်ငြိမ်အေးချမ်းမှုရှိစေရန် အလေးထားဖော်ဆောင်သွားမည်။
(၃) နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် လူငယ်နှင့် အမျိုးသမီးများ ပိုမိုပါဝင်လာရန် ဖော်ဆောင်သွားမည်။
(၄) အခြေခံလူ့အခွင့်အရေးနှင့် ဒီမိုကရေစီအခွင့်အရေးများ အပြည့်အဝရရှိ နိုင်သည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုစနစ် ပေါ်ထွန်းလာစေရန် အခြားညီနောင်တိုင်းရင်းသားများနှင့်အတူ ဆောင်ရွက်သွားမည်။
(၅) ဒေသတွင်း ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များကို ဦးစားပေး ဖော်ဆောင်သွားမည်။
(၆) သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြင့် သတင်းအချက် အလက်နှင့် နည်းပညာများကို အခြေခံသော စီးပွားရေးလုပ်ငန်းများ အားကောင်းလာစေရန် ဖော်ဆောင်သွားမည်။
(၇) ဒို့တာဝန်အရေး(၃)ပါးကို အလေးထား၍ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ပြဋ္ဌာန်းချက်နှင့်အညီ လုပ်ပိုင် ခွင့်အပြည့်အဝရရှိရန်နှင့် ပအိုဝ်း လူမျိုးတို့၏ ဂုဏ်အင်္ဂါရပ်များနှင့် ကိုက်ညီသည့် ရပိုင်ခွင့်များကို ရရှိရန် ဥပဒေနှင့်အညီ ကြိုးပမ်း ဆောင်ရွက်သွားမည်။
မဲဆန္ဒရှင် မိဘပြည်သူများရှင့် -
ကျွန်မတို့ပါတီသည် တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှုကို ရှေးရှု၍ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကိုစွဲကိုင်ကာ အပြန်အလှန်လေးစားတန်ဖိုးထားပြီး ဒေသတွင်းတည်ငြိမ်အေးချမ်းမှုရှိစေရန် အလေးထားသည့်ပါတီဖြစ်သည့်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်မဟုတ်ဘဲ ပအိုဝ်းတိုင်းရင်းသား အများစုရှိသည့် ဒေသများတွင်သာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် လူငယ်နှင့်အမျိုးသမီးများ ပိုမိုပါဝင်လာစေရန် ရွေးကောက်ခံမည့်ကိုယ်စား လှယ်များထဲတွင် လူငယ်နှင့်အမျိုးသမီးပါဝင်မှုများဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ ကျွန်မတို့ပါတီမှကိုယ်စားလှယ်များ အနိုင်ရရှိပါက လွှတ်တော်ထဲတွင် တိုင်းရင်းသားများ ရသင့်ရထိုက်သည့် တန်းတူအခွင့်အရေးများကို ကြိုးစားဆောင်ရွက်ပေးသွားမည့်အပြင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန်အတွက်လည်း လွှတ်တော်တွင်ရောက်ရှိလာမည့် လွှတ်တော်ကိုယ်စားလှယ်များအားလုံးနှင့်ပူးပေါင်း၍ လက်တွဲဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ထို့အတူ အသစ်ဖွဲ့စည်းမည့် အစိုးရအသစ်နှင့် ပူးပေါင်းပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်ရှင်။
လေးစားအားထားရပါသော မဲဆန္ဒရှင် မိဘပြည်သူများရှင့် -
မိဘပြည်သူများအားလုံးကို ပန်ကြားလိုတာကတော့ ၂၀၂၀-ခုနှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲ၌ ကျွန်မတို့ ကိုယ်စားလှယ်များကို မဲပေးကြဖို့၊ အားပေးကြဖို့အတွက် ပြည်သူရဲ့ မေတ္တာကို ခံယူပါရစေရှင့်။ ကျွန်မတို့ပါတီ၏အလံသည် ပအိုဝ်းအမျိုးသားအလံဖြစ်ပြီး အမှတ်တံဆိပ်သည် မိမိတို့ရည်မှန်းထားသော ရှေ့ခရီးပန်းတိုင်ဆီသို့ တည့်တည့်မတ်မတ် ဦးတည်သွားနေသည့် နဂါးတစ်ကောင်လုံးပုံ ဖြစ်ပါတယ်ရှင့်။ ကျွန်မတို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၏ အောင်နိုင်ရေးဆောင်ပုဒ်သည် ပအိုဝ်းဘာသာဖြင့်
“လို မု စီ ပွာ ယံထင်
ထို အွဉ်ဝင် သော့ မဲးနဂါ ယို” ဖြစ်ပြီး မြန်မာဘာသာဖြင့် “လူမှုစီးပွား တိုးတက်ဖို့ နဂါး မဲ ကို ထည့်ကြစို့” ဖြစ်ပါတယ်ရှင့်။
နိဂုံးချုပ်အနေဖြင့်လာမည့် ၂၀၂၀-ခုနှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန် မိမိတို့တန်ဖိုးရှိလှသော မဲတစ်ပြားကို မှန်ကန်သောအတွေးအခေါ် ပြည့်ဝသောခံယူချက် ထက်သန်သောစိတ်စေတနာနဲ့ ကျွန်မတို့ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၏ လွှတ်တော်အဆင့်ဆင့် မဲပုံးထဲကို မဲထည့်ပေးကြပါရန် လေးစားစွာဖိတ်ခေါ်ရင်း နိဂုံးချုပ်အပ်ပါတယ်ရှင့်။ မိဘပြည်သူများအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေရှင့်။
အမျိုးသားအတွက် အင်အား
တေးဆို- ခွန်သက်ဦး
တေးရေး- ခွန်ခင်မောင်
- အမျိုးသားရေးအတွက် အင်အားတစ်ခုဖြစ်စေမယ့် အတွေးလေးတစ်ခုနေရာတစ်နေရာမှာ
ပါဝင်ထမ်းဆောင်နိုင်မှသာ အမျိုးသားကို ချစ်သည်ဟုဆိုနိုင်
လူ့ဘဝတစ်ခု ရလာပြီဆိုရင် ပအိုဝ်းတို့အတွက် မိမိအခွင့်အရေး မဆုံးရှုံးစေရန်
ပအိုဝ်းလူမျိုး တစ်ယောက်ချင်းစီမှာ တာဝန်ရှိ
စည်းလုံးညီညွတ်စွာဖြင့် အဖက်ဖက်က ကြိုးစားသွားကြရမည်
မိမိတို့နှင့်ထိုက်တန်သော အခွင့်အရေးများကို ရရှိဖို့ရန်
မိမိတို့လူမျိုးကိုသာ အားပေးလိုက်ပါ
ခေါင်းဆောင်လည်း လမ်းမှန်- နောက်လိုက်လည်း မှန်ကန်
ပြီးပြည့်စုံသောနေရာတစ်ခုသို့ ရောက်ရှိဖို့ရန် အဓိဋ္ဌာန်ထား ကြိုးစားသွားကြရမည်
ဘေးပြောတာ မယုံနဲ့ သွေးပြောတာ ယုံပါ။
အမျိုးသားခေါင်းဆောင်ဘုန်းတန်ခိုးကို ကိုးစား၍ စိတ်ဓာတ်ချင်းတူမွေးပြီး
နဂါးကို အားပေးမှသာ ၂၀၂၀-တွင် တို့အောင်လံကို လွှင့်ထူနိုင်မည်။