Skip to main content

ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ ရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားများ တောင်ကြီးမြို့၊ ပင်းတယမြို့နှင့် ဟိုပုံးမြို့တို့တွင် ကျင်းပ

နေပြည်တော်၊ စက်တင်ဘာ ၁၈

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေသည် ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှမော်ဦးနှင့် တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၁၅ ရက်မှ စက်တင်ဘာ ၁၇ ရက်အထိ ရှမ်းပြည်နယ် တောင်ကြီးမြို့၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့တို့သို့ သွားရောက်၍ သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြဆွေးနွေးခဲ့သည်။

အဆိုပါ “ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ ရှင်းလင်းဆွေးနွေးခြင်းအခမ်းအနား” ကို စက်တင်ဘာ ၁၅ ရက်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် အစိုးရအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်နှင့် လွှတ်တော်ကိုယ်စားလှယ်များက Video Conferencing ဖြင့် လည်းကောင်း၊ စက်တင်ဘာ ၁၆ ရက်တွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ပင်းတယမြို့တွင်ကျင်းပသည့် “ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ ရှင်းလင်းဆွေးနွေးခြင်းအခမ်းအနား” သို့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့၏ အလုပ်အမှုဆောင် ကော်မတီဝင်(၂)ဦးညီညီ(ခ) ဦးညီလေး ချမ်းနှင့် ဒေသဦးစီးအဖွဲ့ဝင်များက လည်းကောင်း၊ စက်တင်ဘာ ၁၇ ရက် နံနက်ပိုင်းတွင် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့တွင် ကျင်းပသည့် “ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ ရှင်းလင်းဆွေးနွေးခြင်းအခမ်းအနား”သို့ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်စံလွင်နှင့် ဒေသဦးစီးအဖွဲ့ဝင်များက လည်းကောင်း၊ စက်တင်ဘာ ၁၇ ရက် မွန်းလွဲပိုင်းတွင် တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပသည့် အခမ်းအနားသို့ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းကျော်(ခ) ဦးအိုက်မိန်းနှင့် ဒေသဦးစီးအဖွဲ့ဝင်များကလည်းကောင်း တက်ရောက်ခဲ့ကြသည်။

ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ သိရှိလိုသည်များနှင့် အကြံပြုချက်များကို အခမ်းအနားတက်ရောက် လာသူများက ရင်းနှီးပွင့်လင်းစွာ မေးမြန်းဆွေးနွေးခဲ့ရာ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြသည်။

အထက်ပါ “ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနား” များအား ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီမှ ချမှတ်ထားသော ညွှန်ကြားချက်များနှင့် အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေသည် ရှမ်းပြည်နယ်သို့ရောက်ရှိနေစဉ်အတွင်း ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ စွန်းလွန်းကျောင်းတိုက်ဆရာတော် နိုင်ငံတော်ဩဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ အဂ္ဂဓမ္မာဘိဝံသ၊ ပြည်နယ်သံဃနာယကဥက္ကဋ္ဌ သိမ်တောင်ကျောင်းတိုက်ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တတေဇဝန္တ၊ ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်မှ Oxford ဆရာတော်ဘဒ္ဒန္တ ဒေါက်တာ အရှင်ဓမ္မသာမိနှင့် အောင်မြေဘုံစံကျောင်းတိုက် ၈၈၈၈ ဆရာတော် အရှင်ခေမာန္ဒတို့အားလည်းကောင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ရှိ ရွာငယ်ကျောင်းဆရာတော် ဦးစန္ဒောဘာသနှင့် ကန်ထောင်ကျောင်းဆရာတော် ဦးဝိဇ္ဇာနန္ဒတို့အားလည်းကောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ရှိ သာသနာလင်္ကာရ ကျောင်းတိုက်ဆရာတော် ဦးဝိစိတ္တသာရလင်္ကာရနှင့် နောင်တောင်းပရဟိတတပ်ဦးဘုန်းတော်ကြီးသင် ပညာရေးကျောင်းဆရာတော် အဂ္ဂမဟာပရဟိတဓရ ဘဒ္ဒန္တရာဇိန္ဒိသီရိတို့အား လည်းကောင်း သွားရောက်ဖူးမြော်ကြည်ညို၍ ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်