Skip to main content

အမျိုးသားကင်ဆာရောဂါကုသရေးဌာန(ဒဂုံဆိပ်ကမ်း) တစ်ရက်လျှင် ကင်ဆာလူနာ ၅၀ မှ ၁၀၀ အထိ ကုသမှုပေးနိုင်မည် အထူးကုဆေးရုံသစ်ကြီး - ရန်ကုန် တည်ဆောက်ရေးစီမံကိန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် အောက်တိုဘာ ၆

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့်အတူ ယမန်နေ့ နံနက် ၁၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ အမျိုးသားကင်ဆာရောဂါကုသရေးဌာန (National Cancer Institute-NCI)သို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက အမျိုးသားကင်ဆာရောဂါကုသရေးဌာနတွင် ယခုအခါ ဓာတ်ရောင်ခြည်ကုသစက်များနှင့်အတူ တွဲဖက်အသုံးပြုရမည့် ဓာတ်ရောင်ခြည်ဖြင့် ကုသမှုအထောက်အကူပြုစက် (CT Simulator) တပ်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိပြီး မကြာမီပြီးစီးမည်ဖြစ်၍ အောက်တိုဘာလ တတိယပတ်မှစ၍ ကနဦးလက်တွေ့သင်ကြားကုသမှု စတင်နိုင်မည်ဖြစ်ကြောင်း၊ ယင်းနောက် လူနာသစ်များကို ကုသမှုပေးနိုင်ရန် စီစဉ်လျက်ရှိကြောင်း၊ ယခုတပ်ဆင်ပြီး ဖြစ်သည့် ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာရောဂါ ကုသစက်သစ် Linear Accelerator ဖြင့် တစ်ရက်လျှင် ကင်ဆာလူနာ ၅၀ မှ ၁၀၀ အထိ ကုသမှုပေးနိုင်မည်ဖြစ်ပြီး ထပ်မံ၍ ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာရောဂါ ကုသစက်သစ်နှစ်လုံး တပ်ဆင်ပြီးပါက ယခုနှစ် ဒီဇင်ဘာလမှစတင်၍ တစ်ရက်လျှင် စုစုပေါင်းလူနာ ၂၀၀ အထိ ဓာတ်ရောင်ခြည်ဖြင့် ကုသပေးနိုင်တော့မည်ဖြစ်ကြောင်း၊ အောက်တိုဘာလမှစတင်၍ လူနာများဘေးကင်းလုံခြုံစိတ်ချစွာဖြင့် စိတ်အေးချမ်းသာစွာ ကုသနိုင်ရန်အတွက် အစစအရာရာ အဆင်ပြေအောင် စီစဉ်ဆောင်ရွက်ထားရှိရန်၊ လိုအပ်သော လူ့စွမ်းအားအရင်းအမြစ် ပြည့်ဝစွာထားရှိနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိရန် မှာကြားသည်။

ဆက်လက်၍ ကင်ဆာရောဂါဝေဒနာရှင်လူနာများ စိတ်အေးချမ်းသာစွာ ကုသမှုခံယူနိုင်ရန်အတွက် L Shape ရှစ်ထပ် အဆောက်အအုံကိုလည်းကောင်း၊ အမျိုးသားကင်ဆာရောဂါကုသရေးဌာနတွင် တာဝန်ထမ်းဆောင်မည့် ကျန်းမာရေးဝန်ထမ်းများအတွက် လေးခန်းတွဲငါးထပ် အရာထမ်းအိမ်ရာ တစ်လုံး၊ အမှုထမ်းအိမ်ရာ နှစ်လုံးတို့ကိုလည်းကောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ယူဆောက် လုပ်လျက်ရှိရာ လုပ်ငန်းပြီးစီးမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

မွန်းလွဲပိုင်းတွင် JICA အကူအညီဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော လမ်းမတော် မြို့နယ်ရှိ အထူးကုဆေးရုံသစ်ကြီး - ရန်ကုန် တည်ဆောက်ရေးစီမံကိန်း (The Project for Construction of New Yangon Specialist Hospital-New YSH)သို့ သွားရောက်ကာ စီမံကိန်းအတိုင်ပင်ခံကုမ္ပဏီနှင့် ဆေးရုံအဆောက်အအုံ တည်ဆောက်ရေးကုမ္ပဏီများ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အအုံဦးစီးဌာနနှင့် ကုသရေး ဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်တွေ့ဆုံကာ ခုနစ်ထပ် ဆေးရုံအဆောက်အအုံ ဆောက်လုပ်ရေး လုပ်ငန်းများစွမ်းအားပြည့် အကောင်အထည်ဖော် ဆောင်ရွက်ရေး မှာကြားကာ ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ သွားရောက်၍ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

အဆိုပါစီမံကိန်းကို ကျန်းမာရေးဝန်ကြီးဌာနနှင့် JICA တို့အကြား Grant Agreement လက်မှတ်ရေးထိုးခြင်းဆောင်ရွက်ခဲ့ပြီး COVID-19 ကပ်ရောဂါကာလအတွင်း ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်နားခဲ့သော်လည်း ယခုနှစ်ဇွန်လမှစတင်၍ ပြင်ဆင်တည်ဆောက်ရေးလုပ်ငန်းများ ပြန်လည်စတင်ခဲ့သည်။

အထူးကုဆေးရုံသစ်ကြီး- ရန်ကုန်တည်ဆောက်ရေးစီမံကိန်းပြီးစီးပါက နိုင်ငံတကာအဆင့်မီ ဆေးရုံဒီဇိုင်းနှင့် ဆေးရုံသုံးပစ္စည်းများ ပါဝင်သောနှလုံး၊ ဦးနှောက်နှင့်အာရုံကြော အထူးကုဆေးရုံကြီးအဖြစ် ရပ်တည်ကာ ပြည်သူလူထုအား အရည်အသွေးပြည့်ကျန်းမာရေး စောင့်ရှောက်ရေးလုပ်ငန်းများ ပိုမိုဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်းသိရသည်။

သတင်းစဉ်