Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း နေပြည်တော်ကောင်စီနယ်မြေအတွင်း လျှပ်စစ်ကဏ္ဍဆိုင်ရာလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် အောက်တိုဘာ ၅

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဒုတိယဝန်ကြီး ဦးအေးကျော်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေကြီးရေလျှံမှုကြောင့် ပြိုလဲပျက်စီးသွားသည့် ၂၃၀ ကေဗွီ ရွှေမြို့ - နေပြည်တော် (၂) ဓာတ်အားလိုင်း ပြန်လည်ပြုပြင်ခြင်း၊ ဓာတ်အားလိုင်းအူကြောင်း ပြောင်းလဲတည်ဆောက်ခြင်းနှင့် ၂၃၀ ကေဗွီ သာစည် - ရွှေမြို့ဓာတ်အားလိုင်း ပြုပြင်တည်ဆောက်ပြီးစီး၍ ဓာတ်အားပြန်လည်ပို့လွှတ်ထားမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေး

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ဇေယျာသီရိမြို့နယ်အတွင်း ၂၃၀ ကေဗွီ ရွှေမြို့- နေပြည်တော် (၂) ဓာတ်အားလိုင်းတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းခွင်သို့ ရောက်ရှိပြီး ဖောင်ဒေးရှင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ တာဝါတိုင်များ စိုက်ထူနိုင်ရန် တာဝါသံပေါင်များ တပ်ဆင်တည်ဆောက်နေမှုနှင့် ဓာတ်အားလိုင်းကြိုးဆွဲခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ ဓာတ်အားအမြန်ပို့လွှတ်နိုင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားရန်နှင့် လုပ်ငန်းခွင်သုံးပစ္စည်းများ စံချိန်စံညွှန်းပြည့်မီရေးနှင့် သတ်မှတ်ချိန်အတွင်း အချိန်မီပြီးစီးနိုင်ရေး အလေးထားဆောင်ရွက်သွားရန် မှာကြား၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် တပ်ကုန်းမြို့နယ်ရှိ ၂၃၀ ကေဗွီ သာစည် - ရွှေမြို့ဓာတ်အားလိုင်း တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီး၍ ဓာတ်အားပြန်လည်ပို့လွှတ်ထားမှု၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV) သို့ ယာယီဓာတ်အားလိုင်း တည်ဆောက်ပြီး ဓာတ်အားဖြန့်ဖြူးပေးထားမှုနှင့် ၃၃ ကေဗွီ ဓာတ်အားလိုင်း ပြန်လည်ပြုပြင်တည်ဆောက်၍ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ကြိုးပမ်းဆောင်ရွက်

နေပြည်တော်ကောင်စီနယ်မြေအတွင်း မိုးသည်းထန်စွာ ရွာသွန်း၍ ရေကြီးရေလျှံမှုကြောင့် ၂၃၀ ကေဗွီ ရွှေမြို့ - နေပြည်တော် (၂) ဓာတ်အားလိုင်းရှိ တာဝါတိုင် လေးတိုင်နှင့် ၂၃၀ ကေဗွီ သာစည်-ရွှေမြို့ဓာတ်အားလိုင်းရှိ တာဝါတိုင် ငါးတိုင် ပြိုလဲပျက်စီးခဲ့ပြီး ပြန်လည်ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများကို အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်ခဲ့ရာ ၂၃၀ ကေဗွီ သာစည် - ရွှေမြို့ဓာတ်အားလိုင်းရှိ တာဝါတိုင်များ တည်ဆောက်ပြီးစီး၍ ဓာတ်အားပြန်လည်ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ကျန်ရှိသည့် ၂၃၀ ကေဗွီ ရွှေမြို့ - နေပြည်တော် (၂) ဓာတ်အားလိုင်းရှိ တာဝါတိုင်များ ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ဒုတိယပတ်အတွင်း ပြီးစီးနိုင်ရေးနှင့် ဓာတ်အားအမြန်ပို့လွှတ်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်