နေပြည်တော်၊ စက်တင်ဘာ ၁၈
မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးဇင်အောင်က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၁၈ ရက် ညပိုင်းတွင် ရေဒီယိုနှင့်ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။
အဆိုပါ ဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
မိဘပြည်သူများခင်ဗျား
ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံနှင့်အတူ မွေးဖွားလာခဲ့တဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဟာ ထိုစဉ်ကာလက ဒီမိုကရေစီတော်လှန်ရေး၏တပ်ဦးပါတီတစ်ခုဖြစ်ပြီး ၁၉၉၀ ရွေးကောက်ပွဲအပြီးမှာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၏ မတရားအသင်းအဖြစ် ကြေညာခံခဲ့ရပါတယ်။ ကျွန်တော်တို့နှင့်အတူ မြေပေါ်၌ကျန်ရှိခဲ့သည့် လုပ်ဖော်ကိုင်ဖက်များမှာလည်း ဒီမိုကရေစီကြိုးပမ်းမှုများကို အသွင်ပုံသဏ္ဌာန်မျိုးစုံဖြင့် စဉ်ဆက်မပြတ် အားထုတ်ကြိုးပမ်းခဲ့သည့်အတွက်လည်း အသက်သွေးချွေးနှင့် ဘဝပေါင်းများစွာ ပေးဆပ်ခဲ့ရပါတယ်။
ကျွန်တော်တို့ကိုယ်တိုင်လည်း မြေပေါ်နိုင်ငံရေးစစ်တလင်းကြား၌ စဉ်ဆက်မပြတ် ပါဝင်ဖြတ်သန်းခဲ့ရပြီး ကြွင်းကျန်ရစ်ခဲ့သူများဖြစ်တဲ့အတွက် နှစ်နှစ်ဆယ်ကြာသည့်တိုင် မပြီးဆုံးနိုင်သည့် ဒီမိုကရေစီတိုက်ပွဲများ၏ မဟာဗျူဟာ နည်းဗျူဟာများကို ဆန်းစစ်ပြီး
(၁) ကျွန်တော်တို့ လေးစားတန်ဖိုးထားခဲ့ရသော လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ မြေပေါ်၌ တရားဝင်ပြန်လည်ရှင်သန်နိုင်ရန်အတွက် လည်းကောင်း၊
(၂) ပြည်ပနိုင်ငံအသီးသီးသို့ ရောက်ရှိနေတဲ့ မိမိတို့ လုပ်ဖော်ကိုင်ဖက် များလည်း ဂုဏ်သိက္ခာရှိစွာ အမိနိုင်ငံအတွင်းသို့ ပြန်လာနိုင်ရန် အတွက် လည်းကောင်း၊
(၃) အကျဉ်းထောင်တွင်း၌ နှစ်ရှည်အကျဉ်းချခံနေရသော မိမိတို့၏ လုပ်ဖော်ကိုင်ဖက်များ ပြန်လည်လွတ်မြောက်ကာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလ၌ ကိုယ်တိုင်ပါဝင်နိုင်ရန်အတွက် လည်းကောင်း ရည်ရွယ်ချက်များ ချမှတ်ကာ မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီကို ၂၀၁၀ ခုနှစ်၌ တရားဝင်ထူထောင်ဖွဲ့စည်း ခဲ့ခြင်းဖြစ်ပါတယ်။
နိုင်ငံရေးပါတီတစ်ခုအနေဖြင့် ရွေးကောက်ပွဲနိုင်ခြင်း၊ မနိုင်ခြင်း ထက် မိမိတို့ ဦးတည်ချက်၊ ရည်ရွယ်ချက်များ ခရီးပေါက်မြောက် ခြင်းက အဓိကဖြစ်ပါတယ်။
မိဘပြည်သူများ ခင်ဗျား
၁၉၈၈ ခုနှစ် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကြိုးပမ်းမှု ခေါင်းစဉ်အောက် ကနေ ဒုတိယအကြိမ်မြောက် လွတ်လပ်ရေးကြိုးပမ်းမှု မဟာဗျူဟာခေါင်းစဉ် အောက်သို့ ပါဝင်ခဲ့တဲ့အတွက် တော်လှန်ရေးဟာ ခရီးရှည်ခဲ့ပါတယ်။ ပဋိပက္ခ ကာလ အချိန်ကြာမြင့်သည်နှင့်အမျှ တိုင်းပြည်နှင့် ပြည်သူလူထုသာလျှင် ဝေဒနာပြွမ်းတီးခဲ့ပြီး အထိနာခဲ့ပါတယ်။ နိုင်ငံရေးဆိုတာလည်း စစ်ပွဲတစ်ပွဲ တိုက်ရသလိုပဲ ကျွန်တော်တို့ ချမှတ်ကျင့်သုံးခဲ့တဲ့ မဟာဗျူဟာ နည်းဗျူဟာ တွေကို ပြန်လည်ဆန်းစစ်တဲ့အခါ ပထမအကြိမ် လွတ်လပ်ရေးကြိုးပမ်းမှု က နယ်ချဲ့ဗြိတိသျှနှင့် ဖက်ဆစ်ဂျပန်တွေကို တော်လှန်ခဲ့ရတဲ့အတွက် အမိမြေပေါ်က မောင်းထုတ်ဖို့က လွယ်ပါတယ်။ ကျွန်တော်တို့ဟာ တွန်းရင်း တိုက်ရင်း ချဲ့ထွင်ရင်းနဲ့ ဒီမိုကရေစီအလေ့အထတွေကို ဖော်ဆောင်မည့် နည်းဗျူဟာများကို ပြောင်းလဲခဲ့တယ်။
သူလည်းနိုင် ကိုယ်လည်းနိုင်ဆိုတဲ့ သီအိုရီနည်းအတိုင်း စစ်အုပ်ချုပ် ရေးထက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အုပ်ချုပ်တာကို အမိအရ ဆုပ်ကိုင်ဖို့ ဆုံးဖြတ်ခဲ့ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ ဝင်/ပြင်မယ်ဆိုတဲ့ ရည်ရွယ်ချက်ဖြင့် တရားဝင်ပါတီအဖြစ် ထူထောင်ခဲ့ခြင်းဖြစ်ပါတယ်။
မိဘပြည်သူများခင်ဗျား
ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေမှာ နေထိုင်ကြတဲ့ လူ့အဖွဲ့အစည်း တိုင်းဟာ ဘ၀လုံခြုံမှုရှိကြတယ်၊ မှန်ကန်မျှတတဲ့ တရားဥပဒေအောက်မှာ နေထိုင်ကြရတယ်၊ လူ့အဖွဲ့အစည်းအချင်းချင်းကြားမှာလည်း အပြန်အလှန် ယုံကြည်မှုရှိကြတဲ့အတွက် နိုင်ငံသားတိုင်းဟာ နိုင်ငံတကာမှာ ဝင့်ကြွားစွာ ရပ်တည်နိုင်လေ့ရှိတယ်။
ခေတ်နောက်ကျကျန်ခဲ့တဲ့ နိုင်ငံတွေမှာ နေထိုင်ကြတဲ့ လူ့အဖွဲ့အစည်း တိုင်းဟာ ဘဝလုံခြုံမှုမရှိကြဘူး။ လူ့အဖွဲ့အစည်းအချင်းချင်းကြားမှာလည်း တန်းတူရည်တူမရှိသလို အပြန်အလှန်ယုံကြည်မှုမရှိကြတဲ့အတွက် အဲ့ဒီနိုင်ငံ တွေဟာ နိုင်ငံရေးပဋိပက္ခကြားမှာ နစ်မွန်းပြီး နိုင်ငံတကာအလယ်မှာ မှီခိုသူဘဝနဲ့ မျက်နှာငယ်ရပါတယ်။ မှီခိုသူဘဝဆိုတာ အဆိုးရွားဆုံးပါ။
နိုင်ငံရေးဆိုတာ အတိတ်သမိုင်းမှာ ဖြစ်ခဲ့တဲ့ နိုင်ငံရေးပြဿနာတွေကို ပစ္စုပ္ပန်ကာလမှာ ဘယ်လိုရှုထောင့်ကရပ်ပြီး ဘယ်လိုဖြေရှင်းသွားမယ်ဆိုတဲ့ နိုင်ငံရေးသဘောတရားတွေ၊ နိုင်ငံရေးလုပ်ငန်းစဉ်တွေ၊ နည်းနာတွေနဲ့ တာဝန်ယူဖြေရှင်းရတာ ဖြစ်ပါတယ်။
ကျွန်တော်တို့နိုင်ငံဟာ ဆင်းရဲပြီး ခေတ်နောက်ကျကျန်ခဲ့ရတဲ့ နိုင်ငံရေး ပြဿနာတွေကို ဘယ်သူ့ကြောင့် ဘာ့ကြောင့်ဆိုပြီး ယိုးမယ်ဖွဲ့မနေဘဲ အကောင်းဆုံးဖြေရှင်းနိုင်မည့်နည်းလမ်းကို ဆန်းစစ်တဲ့အခါ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်သာလျှင် ဖြစ်ပါတယ်။
မိဘပြည်သူများခင်ဗျား
ဒီမိုကရေစီစနစ်ကိုဆန့်ကျင်တဲ့ ဘယ်လိုအာဏာရှင်စနစ်မျိုးကိုမဆို နိုင်ငံ ရေးအရ ဆန့်ကျင်တော်လှန်သွားမယ်ဆိုတဲ့ ရည်ရွယ်ချက်များဖြင့် လည်း ကောင်း၊ မြန်မာ့လူ့အဖွဲ့အစည်းအချင်းချင်းကြားမှာ တန်းတူရည်တူရှိမှုနှင့် အပြန်အလှန်ယုံကြည်မှု တည်ဆောက်နိုင်ရန်အတွက် လည်းကောင်း မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို ထူထောင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါ တယ်။
မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၏ မူဝါဒများမှာ စစ်မှန်တဲ့ ဒီမိုကရေစီစနစ် ဖြစ်ထွန်းပေါ်ပေါက်ရေး၊ လူ့အဖွဲ့အစည်းအချင်းချင်း တန်းတူ ရည်တူ အတူတကွယှဉ်တွဲနေထိုင်ရေး၊ လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ တရား မျှတခြင်းဆိုတဲ့ လောကပါလတရားများကို လက်ဆုပ်လက်ကိုင်ပြုတဲ့ လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်ပေါ်လာရေးတို့ ဖြစ်ပါတယ်။
အောက်ခံအနီရောင်ရှိပြီး အဖြူရောင်ကြယ်တစ်ပွင့်ဟာ သမိုင်းဝင် ဖက်ဆစ်တော်လှန်ရေးအောင်ပွဲဝင် အထိမ်းအမှတ်အလံ သင်္ကေတဖြစ်ပါ တယ်။ သမိုင်းဝင်အထိမ်းအမှတ်အလံသင်္ကေတ၏ အစဉ်အလာကို လေးစား တန်ဖိုးထားအတုယူကာ မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ အထိမ်း အမှတ်သင်္ကေတကို အောက်ခံအနီရောင် ဝဲဘက်အပေါ်ထောင့်၌ အရွယ်တူ ကြယ်ဖြူငါးလုံး တစ်ပြေးညီထပ်လျက်တည်ရှိသည့် အထိမ်းအမှတ် သင်္ကေတ ဖြစ်ပါတယ်။
မိဘပြည်သူများခင်ဗျား
ဒီကနေ့ ပြည်သူလူထုကြီးဟာ စားဝတ်နေရေးပြေလည်စေချင်တယ်၊ မှန်ကန်မျှတတဲ့ ဥပဒေအောက်မှာ နေချင်တယ်၊ တစ်ဦးချင်း တစ်ယောက် ချင်းစီရဲ့ ပုဂ္ဂလိကအခွင့်အရေးတွေကို လိုချင်တယ်။ ဒါဟာ ဒီနေ့ ဒီအချိန်မှာ ရှိသင့် ရှိထိုက် ရသင့်ရထိုက်တဲ့ အခြေအနေပါ၊ ဒီလို အခြေအနေရောက်ဖို့ ဆိုတာ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကျင့်သုံးနိုင်မှ ဖြစ်ပါလိမ့်မယ်။ ဒီမိုကရေစီ စနစ်ဆိုတာ ပြည်သူရွေးချယ်လိုက်တဲ့ ပြည်သူတွေက ပြည်သူကို ပြန်လည် အုပ်ချုပ်ရတဲ့ တာဝန်လွှဲအပ်မှုစနစ်သာလျှင် ဖြစ်တယ်။
ဒီကနေ့ကာလဟာ ဒီမိုကရေစီအနာဂတ်ကို ဦးတည်အကောင်အထည် ဖော်နေတာ ဖြစ်တဲ့အတွက် ပြည်သူလူထုပါဝင်မှုနှင့် နိုင်ငံရေးဦးဆောင်မှု တို့ဟာ ဟန်ချက်ညီညီဖြစ်မှသာ ပြဿနာတွေကို ရင်ဆိုင်ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။
မိဘပြည်သူများခင်ဗျား
အပြောင်းအလဲဆိုတာ အချိန်ကဖြစ်ပေါ်နေတဲ့ သဘာဝနိယာမဖြစ်ပါ တယ်။ အချိန်ကိုရပ်ပြီး အဟောင်းအတိုင်း ဖက်တွယ်နေချင်သူတွေကို တရွတ် တိုက် ဆွဲခေါ်လေ့ရှိပါတယ်။ အဲဒီအခါမှာ နာကျင်မှုတွေ ဖြစ်ပေါ်လေ့ရှိတယ်။ ဒီလို နာကျင်မှုတွေ သက်သာဖို့ နိုင်ငံခေါင်းဆောင်တွေကလည်း လမ်းညွှန် ဒီမိုကရေစီလို့ခေါ်တဲ့ အထက်ကလာတဲ့ အပြောင်းအလဲဟာ အချိန်နဲ့တစ်ပြေးညီ ဖြစ်မလာဘူးဆိုရင် လူထုပါဝင်တဲ့ ကြိုးပမ်းမှုတွေနဲ့ အပြောင်းအလဲဟာ အလိုအလျောက် ဖြစ်ပေါ်လာလေ့ရှိတယ်။ ကျွန်တော်တို့ဟာ ဒီမိုကရေစီကို ဦးတည်အကောင်အထည်ဖော်နေတာဖြစ်တဲ့အတွက် ပြည်သူလူထု ပါဝင်လာတဲ့ နိုင်ငံရေးမှာ ဟန်ချက်ညီညီဖြစ်စေဖို့ အစဉ်တစိုက် ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။
ဒီမိုကရေစီအသွင်ကူးပြောင်းရေးဖြစ်စဉ်နှင့် ခေါင်းနှင့်ပန်းလို့ ဆိုရမည့် ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်သည် ပြည်သူတစ်ရပ်လုံး၏ မျှော်လင့်ချက် ပန်းတိုင်ဖြစ်ပါတယ်။ ဒီပန်းတိုင်ကို ရောက်ဖို့ဆိုရင် တရားဥပဒေကို လေးစားတန်ဖိုးထားတတ်တဲ့ လွှတ်တော် တွေ၊ အစိုးရတွေကသာလျှင် ဦးဆောင် နိုင်ပါတယ်။ နိုင်ငံရေးမှာလည်း တရား မျှတမှုရှိရမယ်။ စီးပွားရေးမှာလည်း တရားမျှတမှုရှိရမယ်၊ လူမှုရေးမှာ လည်း တရားမျှတမှု ရှိဖို့လိုပါတယ်။
ကျောင်းသား လူငယ်တွေကို ထောင်ချအပြစ်ပေး အရေးယူခြင်းထက် မဟုတ်ရင်မခံ မမှန်ရင်မလုပ်တဲ့ စိတ်ဓာတ်တွေကို လေ့ကျင့်ပျိုးထောင်ပေးရမယ်။ လူနေမှုစရိတ်စကတွေ မြင့်မားလာမှုကြောင့်၊ အလုပ် သမားတွေအတွက်လည်း ရသင့်ရထိုက်တဲ့ အခြေခံအခွင့်အရေးတွေ လုပ်ခလစာတိုးတောင်းရတဲ့ တောင်းဆိုမှုတွေမှာ အလုပ်သမားတွေကို ထောင်ချပြီး အလုပ်ရှင်ကို ငွေဒဏ်လောက်နဲ့ပြီးတဲ့ ဥပဒေတွေကို ပြင်ဆင်ရမှာဖြစ်ပါတယ်။ ဒါဟာ ဒီမိုကရေစီရေးကို ဦးတည်ကြိုးပမ်းနေတဲ့ အစိုးရတွေ၊ လွှတ်တော်တွေရဲ့ တာဝန်ဖြစ်တယ်။
ကျွန်ုပ်တို့သည် တိုင်းပြည်နှင့် ပြည်သူလူထုအကျိုးစီးပွားကို အခြေခံကာ ပြည်သူလူထုကို လုပ်ဖော်ကိုင်ဖက်များအဖြစ် သဘောထား၍ အထွေထွေ အကျပ်အတည်း အခက်အခဲများနှင့် ရင်ဆိုင်နေရသော အလုပ်သမား၊ တောင်သူလယ်သမားများ၏ အကျိုးစီးပွားကို ဦးစားပေး ဆောင်ရွက်သွားမည် ဖြစ်ပါတယ်။ လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ တရားမျှတခြင်းဆိုတဲ့ လောကပါလ တရားများကို လက်ဆုပ်လက်ကိုင်ပြုပြီး အရည်အသွေးကောင်းတဲ့ ကုန်ထုတ် စက်ကိရိယာများကို ဦးစားပေးခြင်း၊ အရည်အသွေးကောင်းမွန်သည့် လယ်ယာထွက်ကုန်များကို အဓိကဦးစားပေးခြင်း၊ နယ်ပယ်အသီးသီးမှ ဆိုင်ရာဆိုင်ရာ ကျွမ်းကျင်အတတ်ပညာရှင် လူတော်များကို ဦးစားပေးခြင်းဆိုတဲ့ မူဝါဒများကို ပေါင်းစည်းကာ လူတော်လူကောင်းဝါဒကို မိမိတို့ပါတီ၏ အဓိကမူဝါဒများအဖြစ် ကျင့်သုံးသွားမှာ ဖြစ်ပါတယ်။
ဈေးကွက်စီးပွားရေးကို ပီပြင်စွာကျင့်သုံးသွားမယ်၊ တိုင်းပြည်ရဲ့ စီးပွား ရေးစနစ်ကို မြေယာနှင့် သယံဇာတအရင်းအနှီးများအပေါ် အခြေခံခြင်းမဟုတ်ဘဲ လူ့စွမ်းအားအရင်းအမြစ်ပေါ်ကို အခြေခံတဲ့မူဝါဒကို ကျင့်သုံးသွားမှာ ဖြစ်ပါတယ်။ လူ့စွမ်းအားအရင်းအမြစ်ပေါ်မှာ အခြေခံထားတဲ့အတွက် စီးပွားရေးနယ်ပယ်မှာ ကျွမ်း ကျင်တဲ့လူတော်တွေကို ဦးစားပေးဆောင်ရွက်စေရမယ်။ မြေယာနှင့် သယံဇာတအငြင်းပွားမှုတွေကို ချုပ်ငြိမ်းစေပြီး လူ့တန်ဖိုးကို မြှင့်တင်ပေးမှာဖြစ်သည့်အတွက် လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းကာ တိုင်းပြည်စီးပွားရေးတွေကို ဖွံ့ဖြိုးတိုးတက်စေရမယ်။
စက်မှုကဏ္ဍမှာလည်း အရည်အသွေးကိုဦးစားပေးပြီး အရေအတွက်များများထုတ်နိုင်တဲ့ မူဝါဒချမှတ်ပါတယ်။
လယ်ယာမြေမှန်သမျှကို လယ်လုပ်သူ နိုင်ငံသားများကပင် ပိုင်ဆိုင်ရမယ်၊ သီးနှံထုတ်လုပ်တဲ့ ကုန်ကျစရိတ်တွေကို လျှော့ချပြီး အထွက်နှုန်းတိုးတဲ့ မူဝါဒချမှတ် အကောင်အထည်ဖော်ရမယ်၊ ပြည်တွင်းပြည်ပ ဈေးကွက်များကို လက်ဝါးကြီးအုပ် အမြတ်ထုတ်ခြင်းများကို ကာကွယ်နိုင်ရန်အတွက် တောင်သူ လယ် သမားများကိုယ်တိုင်ပိုင်ဆိုင်တဲ့ ဘဏ်စနစ်ကို ထူထောင်ခွင့်ပေးရ မယ်။ လယ်သမားသမဂ္ဂများ၊ အစည်း အရုံးများကို တရားဝင်အသိအမှတ်ပြုပြီး လုပ်ဖော်ကိုင်ဖက်များအဖြစ် အသိအမှတ်ပြုရမယ်။
စာတွေ့လက်တွေ့ ပေါင်းစပ်လေ့ကျင့်ပေးတဲ့ ဘက်စုံပညာရေးစနစ်ကို ကျင့်သုံးရမယ်။ သင်ထောက်ကူပစ္စည်းအပြည့်အစုံနှင့် လက်တွေ့လေ့ကျင့် ပြီး ကျွမ်းကျင်ပညာရှင်များ မွေးထုတ်တဲ့ ပညာရေးစနစ် ဖြစ်ရမယ်။ ဘက်စုံ ပညာရေးဖြစ်တဲ့အတွက် ကန့်သတ်တားမြစ်ထားတဲ့ မူဝါဒအားလုံးကို ပယ်ဖျက်ရမယ်၊ လွတ်လပ်တဲ့ ကျောင်းသားသမဂ္ဂတွေ တရားဝင်ထူထောင် ခွင့်ပြုရမယ်၊ မသင်မနေရ အခမဲ့ပညာရေးစနစ် ပြဋ္ဌာန်းရမယ်။
အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း အရည်အချင်းရှိလျှင် ရှိသည့်အလျောက် လူကြီး လူငယ် မခွဲခြားဘဲ ပါတီလုပ်ငန်းတာဝန်များကို ထမ်းဆောင်ခွင့် ရှိရမယ်။
မိဘပြည်သူများခင်ဗျား၊ ကျွန်တော်တို့ပါတီကို ပြည်သူ့ကိုယ်စား လွှတ်တော်ထဲမှာ နိုင်ငံရေးလုပ်နိုင်ဖို့ ဘယ်လိုအစိုးရမျိုး တက်လာတက်လာ ပြည်သူဘက်က ထာဝရရပ်တည်သွားမည့် အတိုက်အခံပါတီအဖြစ် တာဝန်ပေးကြပါ။ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ ထမ်းဆောင်သွားပါမယ်လို့ ကတိသစ္စာပြုအပ်ပါသည်။