Skip to main content

သတင်းတုများနှင့် လူမှုကျင့်ဝတ်

ကို ဗစ်-၁၉ ရောဂါပိုး ကူးစက်ပြန့်ပွားမှု ခြိမ်းခြောက်နေခြင်းကြောင့် မြို့ပြနေထိုင်သူအများစုသည် အတတ်နိုင်ဆုံး အိမ်မှာပင် နေနေကြ၏။ အိမ်မှာနေရင်း လက်ဆေးရင်း၊ လူချင်းခွာခွာနေရင်း မိမိကိုယ်ကိုယ် ကျန်းမာအောင်နေထိုင်၏။ အစားအသောက်များ ချက်ပြုတ်၏။ အိမ်တွင်း ခြေချုပ်မိနေခြင်းကို အခွင့်အရေး အဖြစ် အသုံးချကာ စာဖတ်ခြင်း၊ ပန်းချီ ဆွဲခြင်း၊ သီချင်းဆိုခြင်း၊ တူရိယာတစ်ခုခုတီးမှုတ်ခြင်း၊ ပန်းမန်စိုက်ပျိုး ပန်းခြံပြုပြင်ခြင်း အိမ်တွင်းအလှဆင်ခြင်း စသည်ဖြင့် ဝါသနာပါရာ တို့ကိုလုပ်ကြ၏။ မိမိတို့ ယုံကြည် ကိုးကွယ်ရာတို့ကို အားကိုးရင်း စိတ်ဖြေ ၏။ တရားထိုင်၏။ ယောဂကျင့်၏။ အားကစားလုပ်၏။ ဆုတောင်း မေတ္တာပို့၏။ သတင်းစာနှင့် ရုပ်မြင်သံကြားသတင်းများကို စောင့်ကြည့် နားထောင်၏။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကြေညာချက်များ၊ သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်နေသောသတင်းနှင့် အချက်အလက်များ၊ အခြားသော တာဝန်ရှိသူတို့၏ သတင်းထုတ်ပြန်မှုများနှင့် အထွေထွေသော သတင်း မျိုးစုံတို့ကို လူမှုကွန်ရက်များကတစ်ဆင့် နားစွင့်ကြ၏။

မိမိ၏ တစ်ကိုယ်ရေတိုးတက်မှုများ၊ လက်စွမ်းတက်လာသည့် စာကဗျာများ၊ ကိုယ်တိုင်ချက်ပြုတ် ပြင်ဆင် သော စားသောက်ဖွယ်ရာများ၊ တရားအတွေ့အကြုံများ၊ အသစ်သိရှိရသော သတင်းနှင့်အချက်အလက်များ စသည်တို့ကို နီးစပ်ရာ ဆွေမျိုးသားချင်းကြား၊ မိတ်ဆွေ သူငယ်ချင်းများကြားနှင့် အများပြည်သူထံသို့ပါ ထပ်ဆင့်ဖြန့်ဝေကြ၏။

ကိုဗစ်ကာလ လူတို့နေထိုင်မှုပုံစံသစ်၏အစိတ်အပိုင်းအချို့ပင် ဖြစ်ပါမည်။ ရုပ်ပိုင်းဆိုင်ရာ သန်စွမ်း ကျန်းမာရေး အတွက် ပြင်ဆင်နေထိုင်သည် နှင့်အတူ စိတ်ပိုင်းဆိုင်ရာ သန်စွမ်းခိုင်မာရေးလည်း ပါဝင်နေ သည်ကို သတိပြုမိပါသည်။

ဤနေရာတွင် စိတ်အေးချမ်းရေး စိတ်ဖြေသာရေးကိုပြုရင်း စိတ်ညစ်ညူးပူလောင်ရသည်နှင့် ကြုံရသည် တို့ရှိလာလေ့ရှိ၏။ အကြောင်းမှာ သတင်းအမှားများ၊ သတင်းအတုအယောင်များ၊ အမှန်တစ်ဝက် သတင်း များကို ကွန်ရက်များကတစ်ဆင့် ဖြန့်ဝေသည်နှင့်ကြုံရသည်ကြောင့်။ ထိုနည်းတူစွာပင် လုပ်ကြံမှုများဖြင့် လွှမ်းခြုံထားသည့် အမုန်း စကားအမုန်းတရားတို့ကို ဖြန့်သည်နှင့် ကြုံရသည်ကြောင့်။ အမုန်းစကားတို့၏ ရင်းမြစ်ဖြစ်သည့် တန်းတူညီမျှမှုကို အထင်သေးသည့်အခါ၊ ခွဲခြားဆက်ဆံမှုတို့ကို အားပြုသည့်အခါ လူတို့တွင်ဒေါသကို ဖြန့်ဝေသလိုဖြစ်၏။ ပူလောင်မှုကို လက်ဆင့်ကမ်းသလိုဖြစ်၏။

အမုန်းစကားတို့သည် ပြောသူ၊ သူ၊ ထိစပ်သူအားလုံးကို ပူပြင်း စေ၏။ မဟုတ်မမှန်သည်တို့ကို လုပ်ကြံသတင်း လွှင့်မှုများသည် လူအများကို လောင်မြိုက်စေသည်သာမက နှင့်နှင့်နဲနဲ ထိခိုက်နစ်နာမှုများကိုပါ ဖြစ်စေလေ သည်။ လုပ်ကြံသတင်းများကို သတင်းတုမှန်းမသိလိုက်ဘဲ တစ်ဆင့် ဖြန့်ဝေမိသည့်အခါ မိမိကိုယ်တိုင် အကုသိုလ်ကြံရာပါ ဖြစ်ရ ချေသည်။

အထူးသဖြင့် ကပ်ရောဂါဘေးနှင့် ရင်ဆိုင်နေရချိန်တွင် အမှန် တစ်ဝက် သတင်းများ၊ သတင်းအတုများကို လုပ်ကြံဖန်တီး ထုတ်လွှင့် လိုက်သောအခါ အများပြည်သူကြား၌ ဟုတ်ယောင်ထင်မှုများ ဖြစ်ပေါ်ပြီး အပူပန်ကြီး ပူပန်ကြရမှုများ၊ တလွဲတုံ့ပြန်မှုများ၊ မှားယွင်းသော ကာကွယ်ကုသမှုများ၊ စိတ်ဓာတ်ကျ၊ စိတ်မချမ်းမသာဖြစ်ရခြင်းများ စသည်ဖြင့် အကျိုးမဲ့ခြင်းအမှုမျိုးစုံတို့ ဖြစ်ပေါ်စေ၏တော့သည်။

သတင်းတု၊ သတင်းမှားများကို လုပ်ကြံဖြန့်ချိကြမှုများသည် ယေဘုယျအားဖြင့် အများသူငါကို ထိခိုက်နစ် နာစေလိုသည့် စိတ်ဆိုး စိတ်ညစ်ပေါ်တွင် အခြေခံ၏။ အချို့သောသူများမှာမူ မည်မျှလောက် အပြစ်ကြီးသည်၊ မည်မျှလောက်အကုသိုလ်ဖြစ်သည်မမြင်ဘဲလူအများ၏ စိတ်ဝင်စားမှု၊ လူအများ၏ အာရုံစိုက်မှုကို ရလို စိတ်ဖြင့် ပြုကြသည်လည်း ရှိ၏။

အချုပ်ကို ဆိုရလျှင် လုပ်ကြံသတင်းထုတ်လွှင့်မှုသည် မကောင်းမှု အကုသိုလ်ကံကို ပြုခြင်းဖြစ်၏။ အများသူငါကို ထိခိုက်နစ်နာအောင် ပြုလုပ်ခြင်း ဖြစ်၏။ လူမှုအဝန်းအဝိုင်း၏ အေးချမ်းသာယာမှုကို ဖျက်ဆီး ခြင်းဖြစ်၏။ တစ်နည်းဆိုသော် လူမှုကျင့်ဝတ်ကို ဖောက်ဖျက်သူများ ဖြစ်သကဲ့သို့ ဥပဒေကိုချိုး ဖောက်သူ များလည်း ဖြစ်၏။ ယင်းအချက်များ ကို အလေးအနက် သတိပြုကြရန် လိုပါသည်။

ဥပဒေချိုးဖောက်ခြင်းသည် လည်းကောင်း၊ လူမှုကျင့်ဝတ်များကို ဖောက်ဖျက်ခြင်းသည်လည်းကောင်း လူမှုအဖွဲ့အစည်း၏ ပြစ်ဒဏ်ခတ် မှုနှင့် ကြုံရမည်ကို သတိချပ်ကြရန်ဖြစ်ပါသည်။

ပြည်သူလူထုသည် သတင်းတစ်ခုကို သိရှိရသည့်အခါ သတင်း၏ ရင်းမြစ်ကိုကြည့်ခြင်း၊ စဉ်းစားဉာဏ်ဖြင့် ချိန်ဆယုံကြည်ခြင်း၊ အရာရာကို အချင့်အချိန်ရှိခြင်းနှင့် ယနေ့ပုံမှန်ထုတ်ပြန်လျက်ရှိသည့် တရားဝင် သတင်း ဌာနတို့၏ သတင်းများဖြင့် ချိန်ဆလက်ခံကြခြင်းတို့ဖြင့် မိမိ ကိုယ်ကိုယ်သော် လည်းကောင်း၊ လူမှု အသိုက်အမြုံကို လည်းကောင်း စောင့်ရှောက်နိုင်ကြပါစေ။ ။