Skip to main content

နေပြည်တော်ကောင်စီဥက္ကဋ္ဌ သဘာဝဘေးကြောင့် ထိခိုက်ပျက်စီးခဲ့မှုများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး

နေပြည်တော် အောက်တိုဘာ ၂

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ် ရွာသစ်ကြီးကျေးရွာသို့ရောက်ရှိပြီး ကျေးရွာအတွင်း ရေဝင်ရောက်ခဲ့မှုအခြေ အနေများကို လှည့်လည်ကြည့်ရှုကာ ရေထုတ်မြောင်းများ၊ ရေနုတ်မြောင်းများရေစီးရေလာ ကောင်းမွန်ရေး၊ ကျေးရွာအတွင်း ရေတင်ကျန်သည့်နေရာများမှ ရေများထွက်ရှိရေး၊ အမှိုက်များ၊ ဒိုက်များ၊ သဲနုန်းများ ရှင်းလင်း ဖယ်ရှားရေးတို့ကို အမြန်ဆုံးဆောင်ရွက်ရန်မှာကြားသည်။

ထို့နောက် ဇေယျာသီရိ မြို့နယ်အတွင်းရှိ ဝဲကြီးကျေးရွာ၊ ညောင်ပင်ကြီးကျေးရွာ၊ ချောင်းကမ်းကြီးကျေးရွာ၊ စည်ပင်ကြီး ကျေးရွာများအတွင်း ရေဝင် ရောက်ခဲ့မှု အခြေအနေများကို သွားရောက်ကြည့်ရှုပြီး ချောင်းကမ်းကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းဆရာတော် ဘဒ္ဒန္တသုစိတ္တအား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းသည်။

ယင်းနောက် အဆိုပါဘုန်းတော်ကြီးကျောင်း၌ ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံအားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။

မွန်းလွဲပိုင်းတွင် တပ်ကုန်း မြို့နယ်အတွင်းရှိ နေပြည်တော်- ကင်းသာ - ကိုးကွေ့- လိန်းလီ- ပင်လောင်းလမ်းသို့ ဆက်သွယ်ထားသည့်လမ်းပေါ်ရှိ မိုင်တိုင်အမှတ် (၇/၁) ၌ ပန်းချောင်းသံပေါင်ယာယီဘေလီတံတားတည်ဆောက်ပြီးစီးမှုအခြေအနေနှင့် တောင်ကျရေများစီးဆင်းမှုကြောင့် လမ်းဘေး ဝဲ/ယာရှိ တောင်ကမ်းပါးယံများမှ ကျောက်တုံး ကျောက်ခဲများ၊ မြေသားများပြိုကျပြီး လမ်းသားများ ပျက်စီးခဲ့သည့်နေရာများကို လမ်းဦးစီးဌာနက ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ဝန်ထမ်းများနှင့် လုပ်သားများကို စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။

ထို့နောက် အဆိုပါလမ်းရှိ မိုင်တိုင်အမှတ် (၃) တွင် လမ်းပေါ် ရေကျော်မှုအား ပြုပြင်ဆောင်ရွက်ပြီးစီးမှုနှင့် ရေစီးဆင်းနေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်