Skip to main content

ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ကွန်ပျူတာတက္ကသိုလ်(ပြည်)၌ ဘာသာရပ်ဆိုင်ရာများ ဖတ်ရှုလေ့လာလျက်ရှိသော ကျောင်းသား ကျောင်းသူများအား ကြည့်ရှုအားပေး

နေပြည်တော် စက်တင်ဘာ ၂၅

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် စက်တင်ဘာ ၂၁ ရက် ညနေပိုင်းက ကွန်ပျူတာတက္ကသိုလ်(ပြည်)သို့ ရောက်ရှိခဲ့ပြီး စာကြည့်တိုက်တွင် စာမေးပွဲဖြေဆိုရန်အတွက် ဘာသာရပ်ဆိုင်ရာများ ဖတ်ရှုလေ့လာလျက်ရှိသော ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးကာ လိုအပ်ချက်တင်ပြမှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးရာ စာပေမှတန်ဖိုးမဖြတ်နိုင်သော အကျိုးကျေးဇူးများရရှိပုံကို ရှင်းလင်းပြောကြားပြီး စာမေးပွဲကာလပြီးပါက သုတ၊ ရသစာကောင်းပေမွန်များ ဖတ်ရှုလေ့လာမှုနှုန်းကို မြှင့်တင်ဆောင်ရွက်သွားရန်၊ ဗလငါးတန်နှင့်ပြည့်စုံသော နိုင်ငံ့အကျိုးပြု IT ပညာရှင်လူငယ်ကောင်းများဖြစ်စေရေး ရည်မှန်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီး သည် ၂၀ ကီလိုဝပ် ဆိုလာဟိုက်ဘရစ်စနစ်မှ ကွန်ပျူတာဆာဗာနှင့် ပင်မဆောင်ရှိအခန်းများသို့ လျှပ်စစ်ဖြန့်ဖြူးပေးမှုများ၊ စာမေးပွဲခန်းများ၌ စာမေးပွဲဖြေဆိုထားရှိမှုများ၊ ကွန်ပျူတာခန်းများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး အခက်အခဲလိုအပ်ချက် တင်ပြမှုများအပေါ် ဖြေရှင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ တက္ကသိုလ် Master Plan ရေးဆွဲထားမှုအပေါ် လိုအပ်သည်များ မှာကြား၍ ဤတက္ကသိုလ်မှ ရေးဆွဲတည်ထောင်သည့် တန်ခိုးကြီးဘုရားကြီးများ၏ Pagoda Digital Directory နှင့် အခြားဒေသအကျိုးပြု IT စီမံကိန်းများဆောင်ရွက်ရာတွင် တာဝန်ရှိသူများအပြင် ကျောင်းသား ကျောင်းသူများပါ ပါဝင်ဆောင်ရွက်သွားရန်၊ မကြာမီတွင် စာမေးပွဲကျင်းပမည်ဖြစ်ရာ ကျောင်းသား ကျောင်းသူများ အေးချမ်းရွှင်လန်းစွာ စာမေးပွဲဖြေဆိုနိုင်ရေး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန်နှင့် စာမေးပွဲစည်းကမ်းများအတိုင်း အောင်မြင်စွာကျင်းပနိုင်ရေး စီမံချက်နှင့်အညီ ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်