နေပြည်တော် စက်တင်ဘာ ၂၅
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၂၄ ရက်နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ် သာယာကုန်းကျေးရွာသို့ သွားရောက်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လေမှုတ်စက်များဖြင့် ကိုယ်ပိုင်တွင်းတိမ်များ တွင်းဆေးတွင်းမှုတ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။
ဦးစွာ ဒုတိယဝန်ကြီးသည် ရေတိုက်စားခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့သော ဇေယျာသီရိမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်ချင်းဆက် အရှည်ပေ ၂၈၀ ရှိ ညောင်ပင်သာ-သာယာကုန်းတံတား ချဉ်းကပ်လမ်း ပြန်လည်ပြုပြင်ပေးရန်နှင့် မြေထိန်းနံရံများ ပြန်လည်ပြုပြင်ပေးရန် လိုအပ်မှုအခြေအနေများကိုလည်းကောင်း၊ ညောင်ပင်ကြီးကျေးရွာ၌ တွင်းဆေးတွင်းမှုတ်ဆောင်ရွက်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ညောင်ပင်ကြီးကျေးရွာတွင် တွင်းဆေးတွင်းမှုတ် ပြုလုပ်ပေးရန် လိုအပ်သည့် ရေတွင်းပေါင်း ၄၀ ရှိသည့်အနက် ၃၅ တွင်း ဆောင်ရွက်ပြီးစီးပြီး ကျန်ရှိသည့် ငါးတွင်းကိုလည်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
နေပြည်တော်ကောင်စီနယ်မြေအတွင်း၌ ရေကြီးနစ်မြုပ်သွားသော ကျေးရွာ ၁၅၄ ရွာတွင် သောက်သုံးရေအတွက် အသုံးပြုလျက်ရှိသော အများသုံးနှင့် ကိုယ်ပိုင်တွင်းတိမ်တွင်းနက် ၈၂၅၂ တွင်း ရှိသည့်အနက် ပြန်လည်၍ တွင်းဆေးတွင်းမှုတ်ပြုလုပ်ရန်လိုအပ်သောတွင်း ၄၅၇၉ တွင်းဖြစ်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများအနေဖြင့် အဖွဲ့ပေါင်း ၁၅ ဖွဲ့ခွဲ၍ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ရာ ယနေ့အချိန်အထိ ၁၅၅၆ တွင်း ဆောင်ရွက်ပေးခဲ့ပြီးဖြစ်သည်။
မူရင်းကျေးရွာများသို့ ပြန်လည်နေထိုင်သောလူဦးရေ တဖြည်းဖြည်းများပြားလာပြီဖြစ်ရာ သန့်ရှင်းသော သောက်သုံးရေရရှိရေးအတွက် ကျန်တွင်းများကိုလည်း အချိန်နှင့်တစ်ပြေးညီ ပြီးစီးရေး ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်သည့်အပြင် နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ်တွင်လည်း ရွေ့လျားရေသန့်စင်စက် ယာဉ်တစ်စီးပို့ဆောင်၍ သောက်သုံးရေလိုအပ်သော ကျေးရွာများသို့ လိုက်လံဖြန့်ဝေဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်