Skip to main content

ပဲခူးတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှုကြောင့် သီးနှံများထိခိုက်ပျက်စီးခဲ့သည့် ဧရိယာများတွင် ပြန်လည်စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပဲခူး စက်တင်ဘာ ၂၅

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းဦးဆောင်၍ နေ့နံနက်ပိုင်းက တိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှုကြောင့် သီးနှံများထိခိုက်ပျက်စီးခဲ့သည့်ဧရိယာများတွင် ပြန်လည်စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက ဇူလိုင်လနှင့် ဩဂုတ်လအတွင်း ပထမအကြိမ်ရေကြီးခဲ့စဉ်က မိုးသီးနှံများ ထိခိုက်ပျက်စီးခဲ့သော်လည်း အချိန်မီပြန်လည်ဖာထေးခြင်း၊ သားတက်ပွားစိုက်ပျိုးခြင်းများ ရာနှုန်းပြည့်ပြန်လည်စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ စက်တင်ဘာလအတွင်း ဒုတိယအကြိမ် ရေကြီးရေလျှံမှုသည် အချိန်ကာလကြာမြင့်ခြင်းကြောင့် မိုးသီးနှံထိခိုက်ပျက်စီးမှုများ များပြားလာနိုင်သဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှု မထိခိုက်စေရေးအတွက် ဆောင်းသီးနှံနှင့် နွေစပါးကို ပိုမိုတိုးချဲ့စိုက်ပျိုးသွားရမှာဖြစ်၍ အောင်ရေပေးသည့် တမံများတွင် ရေဝင်ရောက်မှုအား ပိုမိုသိုလှောင်သိမ်းဆည်းရန် လိုအပ်မှာဖြစ်ကြောင်း၊ တိုးချဲ့စိုက်ပျိုးမည့်သီးနှံများအလိုက် အထွက်နှုန်းကောင်းသည့် မျိုးကောင်းမျိုးသန့်များ ဒေသတွင်းရရှိနိုင်ရေး စုဆောင်းထားရမှာဖြစ်ကြောင်း၊ ရေဝင်ရောက်ခဲ့သည့် လယ်မြေများတွင် နုန်းတင်မြေနုများ ဖုံးလွှမ်းခဲ့သဖြင့် မတ်ပဲ၊ ပဲတီစိမ်း၊ မြေပဲနှင့် အစေ့ထုတ်ပြောင်းများအတွက် ပိုမိုအဆင်ပြေနိုင်မှာဖြစ်၍ ဒေသခံတောင်သူများအား ကြိုတင်အသိပညာပေးခြင်းအပြင် ဒေသရေမြေသဘာဝနှင့်ကိုက်ညီသည့် အထွက်နှုန်းကောင်းသော မျိုးကောင်းမျိုးသန့်များရရှိနိုင်ရေး ဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ အစေ့ထုတ်ပြောင်းသည် ဒေသတွင်းစားသုံးမှုမပြုဘဲ နိုင်ငံခြားဝင်ငွေရရှိသည့်သီးနှံဖြစ်၍ သီးသန့်စိုက်ပျိုးခြင်းအပြင် ပဲမျိုးစုံစိုက်ခင်းများတွင် သီးညှပ်ထည့်သွင်းစိုက်ပျိုးခြင်းအား တောင်သူသရုပ်ပြစိုက်ခင်းများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ မိုးသီးနှံအလိုက် ထိခိုက်/ပျက်စီးဧကများနှင့်ပတ်သက်၍ စာရင်းဇယားအချက်အလက်များ မှန်ကန်စွာကောက်ယူရရှိရေးနှင့် ပြန်လည်ကုစားနိုင်ရေး အစားထိုးစိုက်ပျိုးမည့်သီးနှံအမျိုးအစား၊ စိုက်ပျိုးမည့်သီးနှံပုံစံတို့ဖြင့် ပြန်လည်စိုက်ပျိုးသွားရမှာဖြစ်ကြောင်းနှင့် တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးကဏ္ဍ သီးနှံထုတ်လုပ်မှုတိုးတက်မြင့်မားစေရေး အားလုံးဝိုင်းဝန်းဆွေးနွေး အကြံပြုတင်ပြပေးစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးများက ဒေသအလိုက် မိုးရွာသွန်းမှုရေကြီးရေလျှံခဲ့မှု၊ မိုးသီးနှံများရေမြုပ်ခဲ့မှု၊ ထိခိုက်မှု၊ ပျက်စီးမှုနှင့် ပြန်လည်ကုစားနိုင်ရေး အစားထိုးစိုက်ပျိုးမည့် အစီအမံများအား Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှူးက ဇူလိုင်လနှင့် ဩဂုတ်လအတွင်း ရေကြီးနစ်မြုပ်မှုပေါ် ပြန်လည်အစားထိုးစိုက်ပျိုးနိုင်ခဲ့မှုနှင့် စက်တင်ဘာလအတွင်း ဒုတိယအကြိမ် ရေကြီးရေလျှံခဲ့မှုကြောင့် မိုးသီးနှံအလိုက် ထိခိုက်ပျက်စီးခဲ့မှုအပေါ် သီးနှံအမျိုးအစားအလိုက် ပြန်လည်စိုက်ပျိုးမည့် လုပ်ငန်းစီမံချက်များအား ရှင်းလင်းတင်ပြခဲ့ကြသည်။ ၎င်းနောက် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌများက သီးနှံအမျိုးအစားအလိုက် မျိုးကောင်းမျိုးသန့်များ စုဆောင်းထားရှိမှုအခြေအနေများကိုလည်းကောင်း တင်ပြခဲ့ကြသည်။

ယင်းနောက် တက်ရောက်လာသည့် တိုင်းဒေသကြီးစိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ပံ့ပိုးကူညီဆောင်ရွက်သွားမည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် မြို့နယ်တစ်ခုချင်းအလိုက် လိုအပ်ချက်များနှင့် ဆက်လက်ဆောင်ရွက်သွားရမည့် အစီအမံများအား လမ်းညွှန်မှာကြားခဲ့ပြီး သီးခြားလိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)