Skip to main content

ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေး၀န်ကြီး ဦးပေါင်လွန်းမင့်ထန် ခင်မန်း-ဗန်လိုင်ကြား တွီးဗိုင် ချောင်းတံတား ပျက်စီးမှု အခြေအနေအား ကြည့်ရှုစစ်ဆေး

ကျီခါး စင်တင်ဘာ ၁၈

ချင်းပြည်နယ်၊ ကျီခါးမြို့၌ ရောက်ရှိနေသည့် ပြည်နယ်အစိုးရအဖွဲ့ လူမှုရေး၀န်ကြီး ဦးပေါင်လွန်းမင့်ထန်သည် ယမန်နေ့ မွန်းလွဲ ၃ နာရီ အချိန်ခန့်က တွန်းဇံမြို့နယ်၊ ကျီခါးမြို့ ခင်မန်း-ဗန်လိုင်‌‌ကျေးရွာကြားရှိ တွီးဗိုင်‌ချောင်း လူကူးကြိုးတံတား ပျက်စီးနေမှု အခြေအနေများအား တာ၀န်ရှိသူများနှင့်အတူ သွားရောက် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ လူကူးကြိုးတံတား အတိုင်းအတာ(၂၀၀×၆)ပေကို ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် ချင်းပြည်နယ် အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ (၉၅.၀၀၀) သန်းဖြင့် Mang Kop ကုမ္ပဏီမှတာ၀န်ယူ ဆောင်ရွက်ခြင်းဖြစ်ပြီး ယခုအခါ အဆိုပါတံတား၌ ပျက်စီးမှုများရှိနေသဖြင့် ပြည်နယ်အစိုးရအဖွဲ့ လူမှုရေး၀န်ကြီးမှ သွားရောက် ကွင်းဆင်း ကြည့်ရှုစစ်ဆေးပြီး သက်ဆိုင်ရာ တာ၀န်ရှိသူများမှ သတ်မှတ်အရည်အသွေး ပြည့်မီအောင် အချိန်မီ ပြန်လည် ဆောင်ရွက်နိုင်ရေးအတွက် တာ၀န်ရှိသူများအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး လိုအပ်သည်များ ဖြည့်စွပ်အကြံပြု ခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းရာသို့ ပြည်နယ်အစိုးရအဖွဲ့လူမှုရေး၀န်ကြီး ဦးပေါင်လွန်းမင့်ထန်၊ မြို့နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးမှူး ဦးကျော်ဇင်အောင်နှင့် တာ၀န်ရှိသူများ၊ ကုမ္ပဏီမှတာဝန်ရှိသူများ ပူးပေါင်းပါ၀င်ခဲ့ကြကြောင်း သိရသည်။

ဆလိုင်းလိန်းမာန် (ပြန်/ဆက်)