Skip to main content

ဒုတိယဝန်ကြီး ဦးအေးကျော် ညောင်ရွှေမြို့နယ် အင်းလေးဒေသ၌ ရေကြီးရေလျှံမှုများကြောင့် နစ်မြုပ်ပျက်စီးခဲ့သည့် လျှပ်စစ်ဆိုင်ရာလုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

နေပြည်တော် စက်တင်ဘာ ၂၃

လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည်ဌာနမှ တာဝန်ရှိသူများနှင့်အတူ ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောခရိုင်အတွင်းရှိ တီကျစ်ကျောက် မီးသွေးသုံးရေနွေးငွေ့ဓာတ်အား ပေးစက်ရုံလည်ပတ်ဆောင်ရွက်နေမှု၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသ၌ ရေကြီးရေလျှံမှုများကြောင့် ဓာတ်အားခွဲရုံများသို့ ရေဝင်ရောက်ခဲ့မှု၊ ထရန်စဖော်မာနှင့် ဓာတ်အားလွှတ်ပစ္စည်းများ ရေနစ်မြုပ်ခဲ့မှု၊ ဓာတ်အားလိုင်းများ ယိုင်လဲပျက်စီးခဲ့မှုနှင့် ဓာတ်အားသုံးစွဲသူ ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေး ယာယီဓာတ်အားဖြတ်တောက်ထားရမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

စက်တင်ဘာ ၂၁ ရက် ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောခရိုင်အတွင်းရှိ တီကျစ်ကျောက်မီးသွေးသုံးရေနွေးငွေ့ ဓာတ်အားပေးစက်ရုံသုံးနှင့် ဝန်ထမ်းအိမ်ရာသုံးရေရယူသည့် ဘီလူးချောင်းရေပန့်ရုံ အဆောက်အအုံရေနစ်မြုပ်သဖြင့် စက်ရုံအရေးပေါ် ရပ်တန့်ထားရမှုနှင့် ရေနစ်မြုပ်ခဲ့သည့် လျှပ်စစ်ပစ္စည်းများ၊ ရေစုပ်၊ ရေတွန်းမော်တာများနှင့် ထရန်စဖော်မာများကို ဆယ်တင်၍ အလုပ်ရုံ၌ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ စက်ရုံ၏ ဒုတိယအဆင့်အနေဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျောက်မီးသွေးအခြောက်ခံစက်တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးနေမှုနှင့် ဘီလူးချောင်းရေပန့်ရုံ အဆောက်အအုံ၌ ရေစုပ်ထုတ်ခြင်း၊ နုန်းများ ဖယ်ထုတ်ခြင်းများ ဆောင်ရွက်နေမှုနှင့် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကျောက်မီးသွေးတူးဖော် ထုတ်လုပ်လျက်ရှိသည့် မိုင်းတွင်းမြေသားနံရံများ ပြိုကျမှုဖြစ်ပေါ်ကာ တူးဖော်ပြီးကျောက်မီးသွေးများအပေါ်သို့ မြေကြီးများဖုံးအုပ်ခဲ့မှုအခြေအနေတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

စက်တင်ဘာ ၂၂ ရက် နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးသည် ညောင်ရွှေမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံး၌ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး မီတာများ ပျောက်ဆုံးမှုမရှိစေရေး အလေးထားဆောင်ရွက်ကြရန်၊ ရေများကျဆင်းပြီး မူလအခြေအနေသို့ ပြန်လည်ရောက်ရှိချိန်တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အချိန်မီဆောင်ရွက်နိုင်ရေး လိုအပ်သည့်ပစ္စည်းများ ကြိုတင်စစ်ဆေးစုဆောင်းထားရှိရန်၊ ရေနစ်မြုပ်ခဲ့သည့်မီတာများကို စနစ်တကျပြန်လည်ဖြုတ်သိမ်း၍ စာရင်းရေးသွင်းမှတ်တမ်းထားရှိပြီး လျှပ်စစ်စမ်းသပ်စစ်ဆေးရေး ဌာနသို့ အမြန်ဆုံးပေးပို့စစ်ဆေးနိုင်ရေးဆောင်ရွက်ရန်၊ ပျက်စီးသွားခဲ့သည့် ဓာတ်အားလိုင်းနှင့် ဆက်စပ်ပစ္စည်းများကို စနစ်တကျသိမ်းဆည်းမှတ်တမ်းထားရှိရန်နှင့် ပြန်လည်အသုံးပြုနိုင်သည့် ဆယ်တင်ပစ္စည်းများကို စနစ်တကျပြန်လည်အသုံးပြုသွားရန်တို့ကို မှာကြားပြီး ဓာတ်အားသုံးစွဲသူပြည်သူများက ငွေကောက်ကောင်တာသို့ ဓာတ်အားခများ လာရောက်ပေးဆောင်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေး

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် အင်းလေးဒေသရှိ ကျေးရွာများတွင် တပ်ဆင်တည်ဆောက်ထားသည့် ဓာတ်အားလိုင်း၊ ဓာတ်အားလွှတ်ပစ္စည်းများ၊ စီတီမီတာများနှင့် ၁၁/၀.၄ ကေဗွီထရန်စဖော်မာများ ရေနစ်မြုပ်နေမှုအခြေအနေကိုလည်းကောင်း၊ အင်းလေးကန်ရေမြင့်တက်လာမှုကြောင့် အင်းလေးဒေသရှိ ကျေးရွာများသို့ ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိသည့် ၆၆ ကေဗွီခေါင်တိုင် ဓာတ်အားခွဲရုံ၏ ဓာတ်အားထိန်းချုပ်ခန်းအတွင်း ရေများဝင်ရောက်၍ လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးယာယီဓာတ်အား ဖြတ်တောက်ထားရှိမှုနှင့် ဓာတ်အားလွှတ်ပစ္စည်းများ ဖြုတ်ယူစစ်ဆေးထားမှု အခြေအနေများကိုလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်