Skip to main content

ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်၌ ကြည့်ရှုစစ်ဆေး

နေပြည်တော် စက်တင်ဘာ ၂၁

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် လှိုင်သာယာမြို့နယ်ရှိ ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ် (West Yangon Technological University-WYTU) သို့ ရောက်ရှိပြီး နိုင်ငံတော်ဝန်ကြီးချုပ်၏ ခရီးစဉ်လမ်းညွှန်မှာကြားချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ အဓိပတိလမ်းမကြီးတွင် အရိပ်ရပင်များ၊ ပလက်ဖောင်းနှင့် လမ်းမီးတိုင်များဆိုင်ရာ လုပ်ငန်းအစီအစဉ်များ၊ Master Plan ရေးဆွဲ ထားမှုအခြေအနေ၊ စာသင်ဆောင်များ၊ အားကစားပြုလုပ်ရာနေရာများ၊ အပန်းဖြေရန်နေရာများ၊ ကျောင်းသားအိပ်ဆောင်များ၊ ဝန်ထမ်းအိမ်ရာများ၊ ယာဉ်ရပ်နားရန်နေရာများနှင့် Drainage System ဆိုင်ရာ လုပ်ငန်းအစီအစဉ်များ၊ ပင်မသုံးထပ်ဆောင်တည်ဆောက်ရေးလုပ်ငန်းနှင့် Multipurpose Hall Structure System တို့ကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် လှိုင်မြို့နယ်ရှိ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်သို့ ရောက်ရှိပြီး ပင်မဆောင်တည်ဆောက်ရေးလုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးကာ သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီစွာ လုပ်ငန်းများဆောင်ရွက်ပြီးစီးစေရေး အလေးထားဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များကို မှာကြားသည်။

ယင်းနောက် အစိုးရနည်းပညာအထက်တန်းကျောင်း (ရွာမ) တွင် တာဝန်ရှိသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုနိုင်မည့် သက်မွေးပညာရှင်များကို စံနှုန်းများနှင့်အညီ စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းမှာကြားပြီး စာသင်ခန်းများ၊ အလုပ်ရုံများ၌ ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ လိုအပ်ချက်များကို ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။

ထို့အတူ ဒုတိယဝန်ကြီးသည် ရန်ကုန်နည်းပညာတက္ကသိုလ်၌ စက်တင်ဘာ ၁၉ ရက်တွင် Hybrid စနစ်ဖြင့် ပြုလုပ်သည့် မြန်မာနိုင်ငံ အင်ဂျင်နီယာပညာရေး နှစ် (၁၀၀) ပြည့်အထိမ်းအမှတ် ရာပြည့်ဂုဏ်ပြုသဘင်ဆိုင်ရာ အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တက်ရောက်ပြီး အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ဗိသုကာကောင်စီဥက္ကဋ္ဌ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ် ဒုတိယဥက္ကဋ္ဌ၊ တာဝန်ရှိသူများလည်း တက်ရောက်သည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီးက အင်ဂျင်နီယာပညာရေးကို နိုင်ငံတကာအဆင့် အရည်အသွေးပြည့်မီစေရေးအတွက် အနာဂတ်အင်ဂျင်နီယာပညာရေးဆိုင်ရာ လမ်းပြမြေပုံ၊ မဟာဗျူဟာများ၊ လုပ်ငန်းစဉ်များကို ပြည်သူများ၊ Stake Holders များနှင့်အတူ ပူးပေါင်းဆွေးနွေး၍ ဖော်ထုတ်နိုင်ရန်စသောရည်ရွယ်ချက်များဖြင့် အင်ဂျင်နီယာပညာရေးနှစ် (၁၀၀) ပြည့် ရာပြည့်ဂုဏ်ပြုသဘင် ကျင်းပမည်ဖြစ်ကြောင်း၊ အင်ဂျင်နီယာပညာရေး ဖွံ့ဖြိုးတိုးတက်လာပုံ သမိုင်းအထောက်အထားများကို စာအုပ်များ ထုတ်ဝေရန် စီစဉ်လျက်ရှိကြောင်း၊ ရာပြည့်ဂုဏ်ပြုသဘင်ဖြစ်သည့်အတွက် တက်ညီလက်ညီပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အောင်အောင်မြင်မြင် ကျင်းပသွားနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ဗိသုကာကောင်စီဥက္ကဋ္ဌနှင့် တက်ရောက်လာသူများက ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် အခြားနည်းပညာတက္ကသိုလ်များတွင် အကြိုဂုဏ်ပြုဆောင်ရွက်မည့်အစီအစဉ်များ၊ ရာပြည့်ဂုဏ်ပြုသဘင်ဆိုင်ရာအစီအစဉ်များ၊ Logo ဒီဇိုင်း၊ ဂုဏ်ပြုကျောက်စာတိုင် ဗိသုကာဒီဇိုင်းနှင့် စိုက်ထူမည့်နေရာ၊ အင်ဂျင်နီယာပညာရေး သမိုင်းကြောင်း အချက်အလက်များ၊ သုတေသနစာတမ်းများ၊ ပြခန်းအစီအစဉ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်