နေပြည်တော် စက်တင်ဘာ ၁၉
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့နံနက် ၁၀ နာရီတွင် video conferencing စနစ်ဖြင့် ကျင်းပသည့် ဆီမီယိုဒေသဆိုင်ရာ သမိုင်းနှင့် ရိုးရာဓလေ့ဌာန၏ (၂၃)ကြိမ်မြောက် စီမံခန့်ခွဲရေးအဖွဲ့အစည်းအဝေးသို့ တက်ရောက်သည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီးက အရှေ့တောင်အာရှဒေသ၏ သမိုင်းဝင်အမွေအနှစ်များနှင့် ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် ဆီမီယိုဒေသဆိုင်ရာ သမိုင်းနှင့် ရိုးရာဓလေ့ဌာနကို ဖွဲ့စည်းတည်ထောင်ခဲ့ကြောင်း၊ အရှေ့တောင်အာရှ ပညာရေးဝန်ကြီးများအဖွဲ့ (Southeast Asian Ministers of Education Organization - SEAMEO)၏ အဖွဲ့ဝင်နိုင်ငံများတွင် ဆီမီယိုဒေသဆိုင်ရာဌာန ၂၆ ခုရှိသည့်အနက် မြန်မာနိုင်ငံ၌ ဆီမီယိုဒေသဆိုင်ရာ သမိုင်းနှင့် ရိုးရာဓလေ့ဌာန(SEAMEO CHAT) ကို ၂၀၀၀ ပြည့်နှစ်တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း၊ ထိုအချိန်မှစ၍ SEAMEO CHAT ၏ စီမံခန့်ခွဲရေးအဖွဲ့အစည်းအဝေးကို ရန်ကုန်မြို့တွင် ၁၈ ကြိမ်၊ နေပြည်တော်တွင် နှစ်ကြိမ်နှင့် မန္တလေးနှင့် ပုဂံတို့တွင် တစ်ကြိမ်စီကျင်းပပြုလုပ်ခဲ့ကြောင်း၊ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များနှင့် အနာဂတ်ရှေ့လုပ်ငန်းအစီအမံများအောင်မြင်ရေး ဆွေးနွေးညှိနှိုင်း၊ အကြံပြု၊ ဆုံးဖြတ်ခြင်းများ ပြုလုပ်ကြသည့် ယခုကဲ့သို့သော စီမံခန့်ခွဲရေးအဖွဲ့အစည်းအဝေးသည် မရှိမဖြစ်လိုအပ်ပြီးတိုးတက်မှုများကို ဆောင်ကြဉ်းနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
အစည်းအဝေးသို့ ဆီမီယိုအတွင်းရေးမှူးချုပ်ရုံး၊ စီမံခန့်ခွဲရေးနှင့်ဆက်ဆံရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး Ms. Pintip Lamnirath၊ SEAMEO CHAT မှ ညွှန်ကြားရေးမှူးနှင့် အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်