Skip to main content

စေတနာသဒ္ဓါထက်သန်စွာဖြင့် ဆက်လက်ပါဝင်ကူညီလှူဒါန်း

မသန့်ရှင်းသောအစားအစာတစ်ခုခုကို စားသောက်မိရာမှ အစာအဆိပ်သင့်ခြင်းဖြစ်ပေါ်လာရသည်။ မသန့်ရှင်းသော အစားအစာဆိုသည်မှာ ရာသီဥတုစိုထိုင်းဆများချိန်၊ အပူချိန်မြင့်မားချိန်တို့တွင် ပေါက်ပွားသည့် ရောဂါပိုးများပါဝင်နေသည့် အစားအစာပင်ဖြစ်သည်။ အစာအဆိပ်သင့်စေသည့် ရောဂါပိုးများတွင် ဗိုင်းရပ်စ်ပိုးများ၊ ဗက်တီးရီးယားများနှင့်ကပ်ပါး ပိုးများ၊ မှိုများ စသည်တို့ပါဝင်ပြီး သားစိမ်း၊ ငါးစိမ်းများ၊ ဟင်းသီးဟင်းရွက်များ၊ မသန့်ရှင်းသောလက်နှင့် ပြင်ဆင်ချက်ပြုတ်ရာတွင် အသုံးပြုသည့် ပစ္စည်း၊ အိုးခွက်များ စသည်တို့တွင် တွယ်ကပ်ပါရှိနေနိုင်သည်။

လူ့မစင်တွင်တွေ့ရှိရပြီး မကျက်တကျက်အသားများ၊ ဟင်းသီးဟင်းရွက်အစိမ်းများတွင် ပါလေ့ရှိသည့် E-coli ပိုး၊ အစာအဆိပ်သင့်မှုနှင့် သေဆုံးမှုကို အများဆုံးဖြစ်ပွားစေပြီး ကြက်ဥ၊ ဘဲဥ၊ ငုံးဥအစိမ်းများ၊ မကျက်တကျက်များတွင်ပါနေတတ်သည့် Salmonella ပိုး၊ လူတို့၏ လက်များနှင့် အရေပြားတို့ပေါ်တွင် တွယ်ကပ်နေတတ်သည့် Staph aureus ပိုး၊ အသားများတွင် တွေ့ရတတ်သည့် Campylobacter ပိုး၊ ဝက်သားနှင့်အသားစိမ်းများ၊ မကျက်တကျက်ချက်ထားသော အသားများတွင် ပါဝင်နေတတ်သည့် Trichinella Spiralis ပိုး၊ စည်သွတ်ဘူးများ၊ အချဉ်ဖောက်ထားသည့် အစားအစာများတွင် ပါဝင်တတ်သည့် Clostridivm Botulism ပိုး စသည်တို့မှာ အစာအဆိပ်သင့်မှုများ၏ အဓိကလက်သည်တရားခံများပင်ဖြစ်သည်။

အစာအဆိပ်သင့်မှုကိုကာကွယ်ရန် အဓိကအချက်(၃)ချက်ကို လိုက်နာဆောင်ရွက်ရန်လိုအပ်သည်။ ပထမအချက်မှာ- အစားအစာများကို ဗက်တီးရီးယားပိုးမကပ်စေရန် ပြုလုပ်ခြင်းဖြစ်သည်။ ယင်းအတွက် ပြင်ဆင်ချက်ပြုတ်ချိန်တွင် အစားအစာပစ္စည်းများ၊ ချက်ပြုတ်ရာတွင် ပါဝင်သူအားလုံး၏ လက်များနှင့် ချက်ပြုတ်ရေးသုံးပစ္စည်းအားလုံး သေသေချာချာ ဆေးကြောသန့်စင်ရန်ပင်ဖြစ်သည်။ ဒုတိယအချက်မှာ- အစားအစာများအတွင်း ဗက်တီးရီးယားပိုးများ မပေါက်ပွားစေရန် ဆောင်ရွက်ခြင်းဖြစ်သည်။ ချက်ပြုတ်ပြီးသည့် အစားအစာကို ပူပူနွေးနွေးအမြန်ဆုံးစားခြင်းက ဘေးကင်းပြီး အခန်းအပူချိန်တွင် ဒီအတိုင်းထားခြင်းက ဗက်တီးရီးယားများ ပေါက်ပွားစေနိုင်သည်။ တတိယအချက်မှာ- အစားအစာနှင့် ချက်ပြုတ်ရေးသုံးပစ္စည်းများပေါ်မှ ဗက်တီးရီးယားပိုးများ သေအောင်သန့်စင်ခြင်းဖြစ်သည်။ အစားအစာကိုင်တွယ်သူတို့၏ လက်၊ ဓား၊ စဉ်းတီတုံး၊ ပန်းကန်၊ အိုးခွက်များ၊ လက်ဆေးဇလုံ၊ ဘေစင်နှင့် ခွက်ယောက်များ စသည်တို့ကို သေချာစွာဆေးကြောရန်လိုသည်။ ချက်ပြုတ်သည့်နေရာ၊ ဝန်းကျင်အားလုံးနှင့် အသုံးပြုသည့်ရေတို့ကအစ ရောဂါပိုးမွှားကင်းစင်သည့် ပတ်ဝန်းကျင်ဖြစ်အောင် သန့်ရှင်းမှုမပြတ် ပြုလုပ်ထားရန်လည်း ကျန်းမာရေးပညာရှင်များက အကြံပြုတိုက်တွန်းထားသည်။ အစားအစာပြင်ဆင်၊ လှီးချွတ်သူ၊ ချက်ပြုတ်သူ၊ ခူးခပ်ဧည့်ခံသူအားလုံး ကျန်းမာရန်၊ သန့်ရှင်းရန်လိုသည်။

အစာအဆိပ်သင့်သူမှာ သန့်ရှင်းမှုမရှိသော အစားအစာကို စားသောက်မိပြီးနောက် နာရီပိုင်းအတွင်း စတင်ခံစားကြရသလို တစ်ခါတစ်ရံ ရက်အနည်းငယ်မှ တစ်ပတ်ခန့်ကြာပြီးနောက်မှ စတင်ခံစားကြရသည်လည်းရှိသည်။ အစာအဆိပ်သင့်ရာတွင် လူသိများသည့်လက္ခဏာမှာ မူးဝေအော့အန်ခြင်းနှင့် ဝမ်းလျှောခြင်း၊ ဗိုက်အောင့်ခြင်း၊ ဖျားခြင်း စသည်တို့ဖြစ်ပြီး ပြင်းထန်မှုအနေအထားကိုလိုက်၍ ရေဓာတ်ဆုံးရှုံးခြင်း၊ ကိုယ်ဝန်ပျက်ခြင်း၊ ကျောက်ကပ်ပျက်ခြင်း၊ အဆစ်အမျက်ရောင်ခြင်း၊ ဦးနှောက်အမြှေးရောင်ခြင်းမှသည် အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်သည်။ ယခုရက်ပိုင်းအတွင်း ရေဘေးသင့်ပြည်သူများအတွက် အလှူရှင်များ လာရောက်လှူဒါန်းသည့် ထမင်း၊ ဟင်းအစားအစာများကို စားသုံးရာမှ အစာအဆိပ်သင့်မှုဖြစ်ပွားပြီး လူအများအပြား အတွင်းလူနာ၊ ပြင်ပလူနာများအဖြစ် ကုသမှုခံယူခဲ့ကြရသည်။ သတင်းများအရ နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာနှင့် ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာကရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရသည်။

သဘာဝဘေးဒဏ်ခံစားကြရသည့် ပြည်သူများအတွက် ပြည်သူအချင်းချင်း မေတ္တာ၊ ကရုဏာ၊ သဒ္ဓါကြည်ဖြူစွာဖြင့် အသင့်စားသုံးနိုင်ရန် ချက်ပြုတ်ပေးလှူခဲ့ကြခြင်းဖြစ်သော်လည်း စေတနာမှ ဝေဒနာဖြစ်ခဲ့ရသည့်အပေါ် အလှူရှင်တို့ကိုယ်တိုင် စိတ်မကောင်းခြင်းကြီးစွာ ဖြစ်ပေါ်ကြရမည်မှာ မလွဲပင်ဖြစ်သည်။ သို့ဖြစ်ရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ တိုက်တွန်းပန်ကြားချက်နှင့်အညီ အလှူရှင်များက အစားအသောက်များ လာရောက်လှူဒါန်းကြရာတွင် ပူပူနွေးနွေးချက်ပြုတ်ကျွေးမွေးနိုင်ရေးအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးခြောက်၊ ကြက်ဥ၊ ဘဲဥ၊ လတ်ဆတ်သော သား၊ ငါးတို့ကို ပေးပို့လှူဒါန်းခြင်းဖြင့်သာ ဝိုင်းဝန်းကူညီပံ့ပိုးကြရပါမည့်အကြောင်း။ ။