နေပြည်တော် စက်တင်ဘာ ၁၈
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရမည်းသင်းနှင့် ပျော်ဘွယ်မြို့နယ်များရှိ ရေထိန်းတမံနှင့် ရေလှောင်ကန်များ အခြေအနေကို ကွင်းဆင်းစစ်ဆေးသည်။
ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရမည်းသင်းမြို့နယ်ရှိ အလျားပေ ၃၁၉၀ ရှိပြီး ရေလှောင်ပမာဏ ၈၃ ဧကပေ သိုလှောင်နိုင်သည့် လဲဖြူရေထိန်းတမံသို့ရောက်ရှိပြီး ရေဝင်ရောက်ခဲ့မှု၊ ရေစီးနှင့်အတူ မျောပါလာသည့် သစ်တုံးကြီးများ၊ အမှိုက်ဒိုက်များနှင့် သဲနုန်းများကြောင့် ရေထိန်းတမံထိခိုက်ခဲ့မှု၊ တမံထိပ်မှ ရေကျော်ကျခဲ့မှုနှင့် ရေပိုလွှဲမှရေကျော်ကျခဲ့မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး သစ်တုံးကြီးများ၊ အမှိုက်ဒိုက်များရှင်းလင်းခြင်းနှင့် သဲနုန်းပို့ချခဲ့ပြီး ရေတိုက်စားပျက်စီးခဲ့သည့် တူးမြောင်းနေရာအချို့ ပြန်လည်ပြုပြင်သွားရန်နှင့် ဆည်ရေသောက်ဧရိယာအတွင်းရှိ ထိခိုက်ပျက်စီးမှုမရှိသည့် လယ်ယာမြေများကို အမြန်ဆုံးစိုက်ပျိုးရေ ပြန်လည်ပေးဝေနိုင်ရေး ဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။
လဲဖြူရေထိန်းတမံသည် တမံထိပ်မှ ရေကျော်ကျမှု ဖြစ်ပေါ်ခဲ့သော်လည်း တမံကိုယ်ထည်အပါအဝင် ရေပိုလွှဲနှင့်ရေထုတ်ပြွန်ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ပျော်ဘွယ်မြို့နယ်ရှိ အလျား ပေ ၁၄၅၀၀၊ အမြင့်ပေ ၂၀၊ ရေလှောင်ပမာဏ ၄၂၅၇ ဧကပေ၊ ရေပိုလွှဲအကျယ်ပေ ၂၀၀ ရှိသည့် ကျောက်ဆည်ကန်သို့ရောက်ရှိပြီး ကန်ပေါင်ပေါ် ရေကျော်ကျမှုကြောင့် နေရာအချို့ရေတိုက်စားမှုဖြစ်ပေါ်ခဲ့သည့် အခြေအနေများနှင့် ပေ ၄၀ ခန့် ဆက်လက်ရေစီးဆင်းနေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးကာ ရေလှောင်ကန်မှ မြေသားပေါင် ထိခိုက်ပျက်စီးမှုများကို အသေးစိတ်ကွင်းဆင်းတိုင်းတာပြီး စနစ်တကျပြန်လည် ပြုပြင်စီမံဆောင်ရွက်၍ရေ သိုလှောင်နိုင်ရေးနှင့် စိုက်ပျိုးရေပြန်လည်ပေးဝေနိုင်ရေး ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ဆွေးနွေးမှာကြားသည်။
သတင်းစဉ်