နေပြည်တော် စက်တင်ဘာ ၁၈
မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ အလုပ်အကိုင် အခွင့်အလမ်းများဖန်တီးပေးရေးလုပ်ငန်းကော်မတီ (၂/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရုံးအမှတ် (၅၁) အလုပ်သမားဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်နှင့် ကော်မတီအဖွဲ့ဝင်များတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ကော်မတီဝင်များက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးက အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီ၏ မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် ပထမငါးနှစ်စီမံချက် (၂၀၁၉-၂၀၂၃ ခုနှစ်) လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှု အစီရင်ခံစာကို အမျိုးသားကော်မတီသို့ တင်ပြခဲ့ပြီးဖြစ်ကြောင်း၊ လုပ်ငန်းကော်မတီဝင် ဝန်ကြီးဌာနများနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်း ကော်မတီများအနေဖြင့် ဒေသခံအလုပ်လက်မဲ့ မိသားစုများအတွက် အခြေခံအသက်မွေးဝမ်းကျောင်း ပညာသင်တန်းများနှင့် အဆင့်မြင့်နည်းပညာသင်တန်းများ ဖွင့်လှစ်ပို့ချနိုင်ရေး သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ ကလေးအလုပ်သမားများ၏ မိသားစုများဝင်ငွေတိုးပွားစေရန်အတွက် အခြေခံသက်မွေးပညာရပ်များနှင့် ဒေသထွက်ကုန် တန်ဖိုးမြှင့်နည်းပညာသင်တန်းများကို ၂၀၂၄ ခုနှစ် ဇန်နဝါရီမှ ဩဂုတ်အထိ ၁၈၁၆ ကြိမ်ဖွင့်လှစ်၍ သင်တန်းသားများစွာကို အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့သဖြင့် ၂၀၂၄-၂၀၂၈ ခုနှစ် ဒုတိယငါးနှစ် လုပ်ငန်းစီမံချက်ကို အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးရန် မှာကြားသည်။
ထို့နောက် လုပ်ငန်းကော်မတီ အတွင်းရေးမှူးနှင့် တက်ရောက်လာသူများက လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်