Skip to main content

ရေဘေးသင့်ဒေသများအတွက် ကယ်ဆယ်ရေးပစ္စည်းများ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိ

ရန်ကုန် စက်တင်ဘာ ၁၈

The ASEAN Coordinating Centre for Humanitarian Assistance on Disaster Management (AHA Centre) မှ ရေဘေးသင့်ဒေသများအတွက်လှူဒါန်းသည့် ကယ်ဆယ်ရေးပစ္စည်းများသည် ထိုင်းနိုင်ငံ Disaster Emergency Logistics System for ASEAN (DELSA) Warehouse မှတစ်ဆင့် မြန်မာအမျိုးသားလေကြောင်းလိုင်း MNA UB-2020 လေယာဉ်ဖြင့် ယမန်နေ့နံနက် ၁ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိသည်။

ထိုသို့ ရောက်ရှိလာသည့်ကယ်ဆယ်ရေးပစ္စည်းများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးသန်းစိုးနှင့် တာဝန်ရှိသူများက စစ်ဆေးလက်ခံခဲ့ပြီး အဆိုပါကယ်ဆယ်ရေးပစ္စည်းများတွင် မိသားစုသုံးပစ္စည်း၊ တစ်ကိုယ်ရေသုံးပစ္စည်း၊ မီးဖိုချောင်သုံးပစ္စည်း၊ Shelter ပြုပြင်ရေးသုံးပစ္စည်းများ၊ မိသားစုတဲ၊ ရေပုံး၊ တာပေါ်လင်၊ ခြင်ထောင်နှင့် ရေသန့်စက် စသည့်အမျိုးအစား (၁၁) မျိုးပါဝင်သော ကယ်ဆယ်ရေးပစ္စည်း (၅၅၆၀) ကီလိုဂရမ် ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

ထိုသို့ AHA Centre မှ မြန်မာနိုင်ငံသို့ ပို့ဆောင်လှူဒါန်းသော ကယ်ဆယ်ရေးပစ္စည်းများကို ရေဘေးဒဏ်သင့်ဒေသများသို့ ဆက်လက်ဖြန့်ခွဲ ပို့ဆောင်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မြင့် (ပြန်/ဆက်)