နေပြည်တော် စက်တင်ဘာ ၁၇
မကြာမီရက်များက မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုများကြောင့် ကွန်ပျူတာတက္ကသိုလ် (တောင်ငူ) ဝင်းအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး ပင်မစာသင်ဆောင်၌ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများသည် ယာယီရေဘေးရှောင်နေထိုင်လျက်ရှိရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် ယနေ့မွန်းလွဲပိုင်းက ယင်းနေရာသို့ သွားရောက်၍ ကြည့်ရှုအားပေးသည်။
ဦးစွာ ဒုတိယဝန်ကြီးသည် ဆရာ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများကို ရင်းရင်းနှီးနှီး တစ်ဦးချင်းတွေ့ဆုံနှုတ်ဆက်ပြီး အားပေးစကားများ ပြောကြားကာ ယာယီရေဘေးရှောင်လျက် နေထိုင်နေမှုဆိုင်ရာ လိုအပ်ချက်တင်ပြမှုများအပေါ် ပံ့ပိုးဆောင်ရွက်ပေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ကွန်ပျူတာတက္ကသိုလ် (တောင်ငူ) နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း(တောင်ငူ)တို့မှ ယာယီရေဘေးရှောင်လျက်ရှိသည့် ဆရာ ဆရာမများနှင့် ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများထံ ရေသန့်ဘူးများ၊ ဆေးဝါးပစ္စည်းများ၊ အသင့်စား စားသောက်ကုန်ပစ္စည်းများ၊ အဝတ်အထည်များ၊ အသုံးအဆောင်ပစ္စည်းများနှင့် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်သည်။
ထို့နောက် ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများ၊ ကျောင်းသား ကျောင်းသူများကို ဝမ်းပျက်ဝမ်းလျှောနှင့် မလိုလားအပ်သော ကျန်းမာရေးပြဿနာများ မဖြစ်ပွားစေရေးအတွက် အထူးဂရုပြုနေထိုင်ကြရန်၊ ရေများပြန်လည်ကျသွားသည့်အခါ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ၊ သန့်ရှင်းရေးလုပ်ငန်းများနှင့် Academic Calendar အတိုင်း ကျောင်းလုပ်ငန်းများ အမြန်လည်ပတ်နိုင်ရေး အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားသည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် အစိုးရစက်မှုလက်မှုသိပ္ပံ (တောင်ငူ) သို့ ရောက်ရှိပြီး ဆရာ ဆရာများ၊ ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီး တစ်ဦးချင်းတွေ့ဆုံနှုတ်ဆက်ပြီး ကျောင်းသား ကျောင်းသူများ၏ သုတေသနပရောဂျက်များကို ကြည့်ရှုအားပေးကာ တီထွင်ဖန်တီးမှုများမှတစ်ဆင့် ပြည်သူများ၏ အကျိုးစီးပွားကို အမှန်တကယ်ဖော်ဆောင်နိုင်ရေး ဆောင်ရွက်ရန်၊ မူပိုင်ခွင့်များ ရရှိသည်အထိ ဆောင်ရွက်ရန်၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးရေးလက်တွေ့ကျကျ အထောက်အကူပြုနိုင်သည့် သက်မွေးပညာရှင်လူငယ်များ ဖြစ်စေရေး အလေးထားဆောင်ရွက်ရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်