နေပြည်တော် ခုတင်(၁၀၀၀) ပြည်သူ့ဆေးရုံကြီး၌ ကုသမှုခံယူနေကြသည့် ကိုဗစ် -၁၉ ဓာတ်ခွဲ အတည်ပြုလူနာများ၊ သံသယလူနာများ၏ ကျန်းမာရေး အခြေအနေ၊ ဆေးဝါးကုသ စောင့်ရှောက်ပေးနေမှုနှင့် နေပြည်တော်အတွင်း ကိုဗစ်-၁၉ ကုသရေး၊ ထိန်းချုပ်ရေးလုပ်ငန်း အတွက် ကြိုတင်ပြင်ဆင်ထားမှုများနှင့်စပ်လျဉ်းပြီး တာဝန်ရှိသူများ၏ ပြောကြားချက်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။
ဒေါက်တာပပ
(ကျွမ်းကျင်သူ၊ နေပြည်တော် ခုတင် (၁၀၀၀) ပြည်သူ့ဆေးရုံကြီး)
အရေးပေါ်ဌာနကို လာရောက်ပြသတဲ့ လူနာတွေကတော့ မျိုးစုံရှိပါတယ်။ ခရီး သွားတဲ့ ရာဇဝင်၊ ရောဂါလက္ခဏာ၊ ရောဂါရှိတဲ့သူတွေနဲ့ ထိတွေ့မှုရှိတဲ့ အခြေအနေတွေကို ကြည့်ရှုစစ်ဆေး ပါတယ်။ ဒီလို စစ်ဆေးပြီးတော့ ဆေးရုံရဲ့ ကိုဗစ်ကာကွယ် ထိန်းချုပ်ကုသရေးအဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ သံသယလူနာတွေကို သီးခြားထားတဲ့ အထူးသီးသန့် ဆောင်ကိုပို့ပြီး ကုသမှုပေးပါတယ်။ အရိုး၊ ဦးနှောက်၊ အာရုံကြောနဲ့ ပတ်သက်ပြီး ခွဲစိတ်ဖို့လိုအပ်တဲ့ လူနာတွေနဲ့ ပုံမှန်ခွဲစိတ်ဖို့လိုအပ်တဲ့ လူနာတွေကိုတော့ သီးခြားထားပြီး အခန်းတစ်ခုနဲ့ သတ်သတ်ခွဲခြားထား ရှိပါတယ်။ ပြီးရင် သူ့ကို ကိုဗစ်-၁၉ ထပ်မံ စစ်ဆေးပါတယ်။ နေပြည်တော် ခုတင် (၁၀၀၀) ဆေးရုံမှာ ကိုဗစ် ရောဂါ ရှိ၊ မရှိ စစ်ဆေး ပေးတဲ့ လူနာပေါင်း အခုဆိုရင် ၅၀၀ နီးပါးရှိသွားပြီ ဖြစ်ပါတယ်။ Positive ပိုးတွေ့တဲ့ လူနာတွေကို သီးသန့်ထားရှိတဲ့ အထူးသီးသန့် ကုသဆောင် (၁)ကို ပြောင်းရွှေ့ကုသ ပါတယ်။ အထူးသီးသန့်ကုသဆောင် (၁) ကတော့ အားလုံး Positive လူနာတွေကို ထားရှိတဲ့ အခန်းဖြစ်ပါတယ်။
ဆေးရုံကို လာရောက်ပြသတဲ့ လူနာတွေကို ခွဲခြားပါတယ်။ Positive တွေ့တဲ့ လူတွေကို ခွဲခြားထားသလို ပြည်သူတွေထဲမှာ ထိတွေ့မှုရှိတဲ့သူတွေ၊ Quarantine ထားတဲ့သူတွေထဲက Positive တွေ့ခဲ့ရင်လည်း ဒီဘက်ကိုလွှဲပြောင်းပြီးတော့ လက်ခံကုသပေးရပါတယ်။ ဒီလူတွေ ကိုတော့ အရေးပေါ်ဌာနကို ဝင်ရောက်ခြင်းမပြုတော့ဘဲ အထူးသီးသန့်ဆောင်(၁)ကို တိုက်ရိုက် သွားခိုင်းပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပိုးရှိတဲ့သူတွေထိတွေ့မှုကို တတ်နိုင်သမျှ လျော့ပါးစေဖို့အတွက် ဖြစ်ပါတယ်။ စက်တင် ဘာ ၂ ရက်ကစပြီး ပိုးတွေ့လူနာ အခုထိ ဆေးရုံမှာဆိုရင် ၄၉ ဦး ကုသပေးခဲ့တာ ဖြစ်ပါ တယ်။ ဒီ ၄၉ ဦးမှာ ဝန်ထမ်းက ၁၆ ဦးရှိပြီး ကျန်တဲ့လူနာတွေကတော့ ပြင်ပက Quarantine စင်တာက လာတဲ့သူတွေ၊ အခြားရောဂါရှိလို့ လာရောက်ပြသရင်းနဲ့ ဆေးရုံမှာတွေ့တဲ့ လူနာတွေဖြစ်ပါတယ်။ ပိုးတွေ့လူနာတွေ ထားရှိဖို့အတွက် အထူးသီးသန့် ဆောင် (၁)မှာ ၃၄ ဦး ထားရှိဖို့စီစဉ်ပြီး နောက်ထပ်တိုးချဲ့တဲ့ အထူးသီးသန့်ဆောင် (၃)မှာ နောက်ထပ် ၃၄ ဦး ထားရှိကုသနိုင်မှာ ဖြစ်ပါတယ်။ ဆေးရုံဆင်း နိုင်ခဲ့တာက နှစ်ဦး ဖြစ်ပါတယ်။ လာမယ့်နှစ်ရက်အတွင်း ဆေးရုံက ဆင်းမှာကတော့ ခုနစ်ဦး ဖြစ်ပါတယ်။ ကိုဗစ်-၁၉ရဲ့ ကုသမှုမှာ အောက်ဆီဂျင်က အဓိကအရေးကြီးတဲ့ကဏ္ဍက ပါဝင်တဲ့အတွက် ICU က ကိုးခုတင် တင်မကဘဲ အထူးသီးသန့်ဆောင်(၁) ထဲမှာလည်း ICU ခုတင်လေးခုတင် ပြင်ဆင်ပြီး အောက်ဆီဂျင်ပိုက်လိုင်းတွေနဲ့ ပေးနိုင်အောင် စီစဉ်ထားရှိပါတယ်။
ပါမောက္ခဒေါက်တာ ကျော်ကျော်ဦး
(ဆေးကုသဆောင်(၂)၊တာဝန်ခံဆရာဝန်ကြီး နေပြည်တော် ခုတင်(၁၀၀၀) ပြည်သူ့ဆေးရုံကြီး)
မြန်မာပြည်မှာ ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီးပြောရရင် ရောဂါစတင်တွေ့ရှိတဲ့အချိန်မှာ သေချာစွာ ထိန်းချုပ်နိုင်ခဲ့ ပါတယ်။ အခုတစ်ကြိမ် ထပ်မံဖြစ်ပွားမှုကိုတော့ တိုက်ပွဲ ဝင်နေရတာ အားလုံးအသိဖြစ်ပါတယ်။ နေပြည်တော်မှာ စတင်တွေ့တာကတော့ စက်တင်ဘာ ၂ ရက်နေ့ ဖြစ်ပါတယ်။
နေပြည်တော် ခုတင်(၁၀၀၀) ဆေးရုံကို လူနာတစ်ယောက်လာရင် ဒီလူနာက ကိုဗစ်သံသယ လူနာ၊ စောင့်ကြည့်ရမယ့် လူနာမှန်းသိရှိနိုင်အောင် ပြင်ပလူနာ ဌာနက အထူးကုဆရာဝန်တွေနဲ့ လက်ထောက်ဆရာဝန် တွေကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ Guide Line တွေကို ကျွမ်းကျွမ်းကျင်ကျင် သိစေဖို့ ဆောင်ရွက်ထားပါတယ်။ လိုအပ်ရင် ဆေးကုသ သမားတော်တွေနဲ့ တိုင်ပင်ဆွေးနွေးပြီး လူနာလာရင် ဘယ်လိုဆောင်ရွက်မယ် ဆိုတာကို အရင်ဆုံး သတ်မှတ် ပါတယ်။
လူနာတွေလာပြီဆိုရင် အရင်ဆုံး ဘယ်လိုလူနာမျိုးက သံသယလူနာလဲဆိုတာ မေးမြန်းပြီးတော့ သံသယရှိတယ် ဆိုရင် သံသယရှိ လူနာထားတဲ့အခန်း Fever Room ရှိပါတယ်။ အခုနောက်ပိုင်း Fever မှ မဟုတ်ဘူး၊ အနံ့ မရတဲ့လူနာ၊ အောက်ဆီဂျင်ဓာတ်ကျတဲ့လူနာ၊ အကြောင်း မရှိဘဲ ရုတ်တရက်မောလာတဲ့လူနာတွေကိုလည်း ဒီအခန်း မှာထားပါတယ်။ ပြီးရင် အရေးပေါ် အထူးကုဆရာဝန် တွေကနေကြည့်ရှုပြီး ဒီလူနာဟာ သံသယလူနာအနေနဲ့ ဆေးရုံတက်ဖို့ လိုတယ်ဆိုရင် Isolation Ward ကို ပို့ဖို့ စီစဉ်ပါတယ်။ စောင့်ကြည့်လူနာ၊ သံသယလူနာဆိုပြီး သတ်မှတ်တယ်ဆိုရင် သတ်မှတ်ထားတဲ့ Isolation Ward ကို ပို့ဖို့စီစဉ်ပါတယ်။
တစ်ခါတလေ လူနာက အိမ်မှာနေပေမယ့် သူ့ရဲ့ လက္ခဏာဟာ သံသယလူနာရဲ့လက္ခဏာမျိုး တူလာ တယ်ဆိုရင် အရေးပေါ်ဆေးကုသဌာနကို မဖြတ်ဘဲ Isolation Ward ကို တိုက်ရိုက်ပို့ပြီး ကုသနိုင်အောင် Network တွေ လုပ်ထားပါတယ်။ အဓိက သံသယလူနာနဲ့ ထိတွေ့မှု နည်းနိုင်သမျှနည်းအောင် ဆောင်ရွက်ထား ပါတယ်။ ကိုဗစ်လူနာတွေ သီးသန့်ထားတဲ့အဆောင် လောလောဆယ်မှာ ငါးဆောင်ထားရှိပါတယ်။ စစချင်းလာတဲ့ စောင့်ကြည့်လူနာ၊ သံသယ လူနာကိုတော့ Isolation Ward (2) မှာ ထားပါတယ်။ ဒီလူနာတွေက တော့ ဖျားပြီးလာတဲ့သူ၊ အနံ့မရတဲ့သူ၊ ချောင်းဆိုးပြီး လာတဲ့သူ၊ ရောဂါအခံနဲ့တွဲနေတဲ့သူကို Isolation Ward (2)မှာ ထားပါတယ်။ ပြီးရင် သူတို့ကို နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်ယူပြီး လိုအပ်တဲ့စစ်ဆေးမှု တွေကို ဆက်လက်လုပ်ဆောင်ပါတယ်။ ယခင်ကတော့ ရန်ကုန်မှာရှိတဲ့ အမျိုးသားကျန်းမာရေး ဓာတ်ခွဲဌာနကို ပို့ရတယ်။ အခုနောက်ပိုင်း ဆေးရုံမှာ ကိုဗစ်စစ်ဆေးတဲ့ စက်ရှိတဲ့ အတွက် ဒီစက်နဲ့စစ်ပြီး အဖြေထုတ်တာလည်း လုပ်လို့ ရပြီဖြစ်ပါတယ်။ အခုရှိတဲ့စက်နဲ့ အဖြေထုတ်ရာမှာ တော့ နည်းနည်းအကန့်အသတ်ရှိပါတယ်။ ပြီးရင် သူတို့ Positive၊ Negative ထွက်တဲ့အပေါ် မူတည်ပြီး ဆက်လက် ဆောင်ရွက်ပါတယ်။ Positive Confirm Case တွေ အတွက် Isolation Ward (1) နဲ့ Isolation Ward (3) ဆိုပြီး အဆောင်နှစ်ခု စီစဉ်ထားပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေကူးစက်မှုမရှိအောင် သေချာအောင် ဆောင်ရွက်ပါတယ်။
Positive လူနာတွေကို လေးယောက်တစ်ခန်း၊ ငါးယောက်တစ်ခန်း အကန့်လိုက်ခွဲပြီး ထားပါတယ်။ အပြင်ကနေ CCTV နဲ့ ကြည့်လို့ရအောင်၊ လူနာတွေ ပြောချင်တာတွေရှိရင် အင်တာကွန်းနဲ့ ပြောလို့ရအောင် စီစဉ်ပေးထားတယ်။ အဲဒီအပြင် လူနာတွေရဲ့ Complaint တွေကို ဖုန်းနဲ့ဖြေရှင်းပေးတာ၊ လိုအပ်ရင် ကာကွယ်ရေး ဝတ်စုံ အပြည့်ဝတ်ပြီး လူကိုယ်တိုင် ဝင်ကြည့်တာတွေ လုပ်ပါတယ်။ ရင်ဘတ်ဓာတ်မှန်ကိုလည်း အဲဒီ Ward ထဲမှာပဲ ရိုက်လို့ရအောင် စီစဉ်ထားရှိပါတယ်။ လိုအပ်တဲ့ စစ်ဆေးမှုတွေကိုလည်း အချိန်နဲ့အညီ သတ်မှတ်ချက် အတိုင်းပြည့်အောင် လုပ်ဆောင်ပါတယ်။ အဲဒီအတွက် တာဝန်ကျ လက်ထောက်ဆရာဝန်တစ်ဦး၊ ကြီးကြပ်မယ့် အထူးကုလက်ထောက်ဆရာဝန်တစ်ဦး၊ တာဝန်ကျ ကျန်းမာရေးဝန်ထမ်းတွေနဲ့ အလုပ်သမားတွေက အချိန်နဲ့ တစ်ပြေးညီ လိုအပ်တဲ့ ကုသမှုပေးနေပါတယ်။ Isolation Ward (1) မှာ ရောက်ပြီး ၈ ရက်ကနေ ၁၀ ရက်အတွင်း လူနာအခြေအနေကောင်းရင် Isolation Ward (3) ကို ပြောင်းပါတယ်။ ဆေးရုံရောက်တာ ၁၄ ရက်ပြည့်ပြီ၊ ရောဂါ လက္ခဏာတွေ မရှိတော့ ဘူးဆိုရင် ချမှတ်ထားတဲ့ စည်းကမ်းတွေနဲ့အညီ ဆင်းခွင့်ပေးပါတယ်။
Isolation Ward (2) က Negative ထွက်တဲ့ လူနာတွေကို Isolation Ward (4)ကို ပြောင်းပါတယ်။ လူနာကို ၄၈ နာရီ စောင့်ကြည့်ပါတယ်။ လူနာအတွက် လိုအပ်တဲ့ ကုသမှုတွေ ဆက်ပေးပါတယ်။ အဲဒီလူနာ ဆေးရုံမှာ ဆက်ထားမယ်ဆိုရင် ဘယ် Ward ကို ပြောင်းထား ရမယ်။ ဒီကနေတန်းဆင်းရင်လည်း အိမ်မှာနှစ်ပတ်နေပြီးတော့ အပြင်မထွက်ဖို့အတွက် ကျန်းမာရေးအသိပညာပေး တာတွေကို စီမံဆောင်ရွက်ပါတယ်။ ဒီလိုထားရင်းနဲ့ ကိုဗစ်နဲ့ ပတ်သက်တဲ့လက္ခဏာတွေ ပေါ်လာရင် ပြန်ပြီး စစ်ဆေးဖို့အတွက်ထားတာလည်း ဖြစ်ပါတယ်။
Isolation Ward (5)ကတော့ နေပြည်တော်ရဲ့ အခြေအနေအရ ဖြစ်လာတဲ့အနေအထား ဖြစ်ပါတယ်။ နေပြည်တော် ပြင်ပကနေ နေပြည်တော်ကိုလာပြီး ကုသမှုယူမယ်ဆိုရင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတ်မှတ်ထားချက်အရ စည်ပင် ဧည့်ရိပ်သာမှာ Quarantine ဝင်ရမယ်။ Swab Negative ဖြစ်မှသာ နေပြည်တော်ပြည်သူ့ဆေးရုံကို လာပြီးဆေးကုသ ခံယူလို့ရမယ်။ ဒါပေမယ့် တချို့လူနာတွေက အရေးပေါ်လူနာ လည်း ဖြစ်တယ်၊ နေပြည်တော် ရှစ်မြို့နယ် ပြင်ပကလည်းဖြစ်တယ်၊ သူတို့ရဲ့ တချို့လက္ခဏာ တွေကလည်း Fever တွေပါလာတဲ့သူတွေကို Isolation Ward (5)မှာ ထားပါတယ်။ ပြီးမှ ဆေးရုံက Swab ယူပြီး Negative ဖြစ်မှ လိုအပ်တဲ့ ကုသမှုတွေကို ဆက်လက်ဆောင်ရွက် ပါတယ်။
စက်တင်ဘာ ၂ ရက်ကစပြီး Positive လူနာ နေပြည်တော် ခုတင်(၁၀၀၀) ဆေးရုံကို ရောက်ရှိ တာဟာ အခုဆိုရင် ၄၉ ယောက် ရှိသွားပါပြီ။ သုံးယောက်က ဆေးရုံ ဆင်းသွားပြီဖြစ်ပါတယ်။ လောလောဆယ် ၄၆ ယောက် ရှိပြီး ဒီနေ့ ခြောက်ယောက် ဆင်းဖို့ရှိပါတယ်။ မနေ့ကစပြီး Quarantine ဘက်က Positive ဖြစ်တဲ့လူနာတွေမှာ ရောဂါကြီးကြီးမားမားတွဲနေခြင်းမရှိဘဲ လူနာကလည်း လက္ခဏာဘာမှမရှိဘူး။ အကောင်းအတိုင်းဖြစ်နေတယ် ဆိုရင် နေပြည်တော် ပြည်သူ့ဆေးရုံ ခုတင်(၃၀၀)ကို တင်ပို့ ကုသဖို့ဆောင်ရွက်ပါတယ်။ ဒါပေမယ့် နေပြည်တော် ပြည်သူ့ဆေးရုံ ခုတင်(၃၀၀)မှာ ထားတဲ့လူနာတွေထဲက အကယ်၍ ရောဂါဖောက်လာပြီး Medical Treatment သေချာပေးရမယ်ဆိုရင် ကျွန်တော်တို့ဘက်ကို ပြန်ရွှေ့ပြီး ကုသမှု လုပ်ဖို့လည်း စီစဉ်နေပါတယ်။ လောလောဆယ် ရောဂါလက္ခဏာပြင်းထန်တဲ့သူ နှစ်ဦးပဲ ရှိပါတယ်။ သူတို့ ကို အောက်ဆီဂျင်ပေးထားပါတယ်။ တစ်ဦးက တော်တော်လေး ကောင်းနေပါပြီ။ နောက်တစ်ယောက်လည်း မဆိုးပါဘူး။ အသက်ရှူစက်တပ်ဖို့ လိုအပ်တဲ့ လူနာတွေ အတွက် ၁၇ ခုတင် ပြင်ဆင်စီမံထားပါတယ်။
ကုသမှုအပိုင်းနဲ့ ပတ်သက်ပြီး နိုင်ငံတကာ Guide Line တွေရော ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ချမှတ်ထားတဲ့ Guide Line တွေအတိုင်း ဆောင်ရွက် နေပါတယ်။ နေပြည်တော် ခုတင် (၁၀၀၀) ဆေးရုံအနေနဲ့ စောင့်ကြည့်၊ သံသယလူနာတွေရဲ့ Swab အဖြေကို ဓာတ်ခွဲအတည်ပြုဖို့အတွက် အမျိုးသားကျန်းမာရေး ဓာတ်ခွဲခန်းကိုပို့ထားတာ ၅၀၀ နီးပါးရှိပါတယ်။ ကျွန်တော် တို့ ဆေးရုံမှာလည်း စစ်ဆေးတာ ၅၀၀ နီးပါးလောက် ရှိနေပါတယ်။ ကျွန်တော်တို့မှာ ကိုဗစ်ရောဂါစစ်ဆေးဖို့ Gene Expert စက်လေးလုံး ရှိပါတယ်။ ဒီစက်တွေ တစ်နေကုန်လည်ပတ်မယ်ဆိုရင် တစ်နေ့ကို ၁၀၀ လောက်အထိ စစ်ဆေးလို့ရပါတယ်။ ဒါပေမယ့် အဲဒီလောက်အထိ လုပ်ဖို့မလွယ်ပါဘူး။
ဒေါက်တာတင်မျိုးမျိုးအောင်
အထူးကုဆရာဝန်ကြီး (စိတ်ကျန်းမာဌာန၊ နေပြည်တော် ခုတင် (၁၀၀၀) ပြည်သူ့ဆေးရုံကြီး)
ကျွန်မတို့ နေပြည်တော် ခုတင်(၁၀၀၀)ကို ရောက်ရှိလာတဲ့ ကိုဗစ်-၁၉ ကူးစက်ခံရတဲ့ လူနာတွေဆိုရင် ဆေးရုံ ရောက်ပြီဆိုတာနဲ့ စိုးရိမ်ပူပန်မှုတွေ၊ စိတ်ဖိစီးမှုတွေ ရှိကြပါတယ်။ သူတို့ ရောဂါအခြေအနေကို ကြောက်စိတ် တွေ၊ နောက်တစ်ခုက သူတို့ ဘယ်လိုအခြေအနေများ ရှိမလဲ၊ ပြန်ကောင်းပါ့မလားဆိုတဲ့ စိုးရိမ်စိတ်တွေ၊ စိတ်ဖိစီးမှုတွေရှိနေကြပါတယ်။ စိတ်ဖိစီးမှု ကြောင့် တုံ့ပြန်တဲ့လက္ခဏာတွေဖြစ်တဲ့ ညအိပ်မပျော်တာတို့၊ မောပန်းသလိုခံစားရတာတွေ၊ အကြောတက်ခေါင်းကိုက်တာတွေ၊ ခြေတုန် လက်တုန် ဖြစ်တာတွေ ရှိတတ်ပါတယ်။
ကျွန်မတို့ စိတ်ကျန်းမာရေးဆရာဝန်တွေ အနေနဲ့ ကတော့ သူတို့ခံစားနေရတဲ့ စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ပူပန်မှုတွေ လျှော့ချဖို့အတွက် ဘယ်လိုပြုမူနေထိုင်ရမလဲဆိုတာ သူတို့ကို ပြောပြပေးတာ ဖြစ်ပါတယ်။ ကျွန်မတို့ ဒီခုတင် (၁၀၀၀)မှာရှိတဲ့ လူနာတွေထားတဲ့ အဆောင်တွေကို အုပ်စုလိုက်လည်း ပြောပြပေးပါတယ်။ တစ်ဦးချင်းစီကို လည်း သူတို့ပြောချင်တဲ့ ဆန္ဒတွေရှိရင်၊ ဆွေးနွေးချင်တဲ့ ဆန္ဒလေးတွေရှိရင် ကျွန်မတို့က ဖုန်းနဲ့အချိန်မရွေး လက်ခံပြီးတော့ ဆွေးနွေးနှစ်သိမ့်ပေးပါတယ်။ ကျွန်မတို့ ဆွေးနွေး ပေးတဲ့အခါမှာဆိုရင် သူတို့ရဲ့ စိတ်ဖိစီးမှု တွေကို ဖြေလျှော့ဖို့အတွက် ခန္ဓာကိုယ်နဲ့စိတ်ဆိုပြီး နှစ်ပိုင်းခွဲပြီးတော့ ဘယ်လိုတွေ ပြုမူနေထိုင်ရမလဲဆိုတာကို အမြဲတမ်း ပြောပြပေးပါတယ်။ ခန္ဓာကိုယ်အတွက်ဆိုရင် အစာအာဟာရကို ပြည့်ပြည့်ဝဝစားပေးဖို့၊ ရေလည်း များများ သောက်ပေးဖို့၊ ကော်ဖီ၊ လက်ဖက်ရည်၊ အချိုရည် လျှော့သောက်ဖို့ ဆွေးနွေးပေးပါတယ်။ နောက်ပြီး အိပ်ရေး ဝအောင် အိပ်စေတယ်၊ နေ့ခင်းဘက်တွေကို တစ်ရေး တမောအိပ်ပေးဖို့ ပြောပါတယ်။ သူတို့ ခုတင်ပေါ်မှာ ထိုင်လျက်ပဲဖြစ်ဖြစ်၊ အိပ်လျက်ပဲဖြစ်ဖြစ် အကြော လျှော့ လေ့ကျင့်ခန်းတွေလုပ်ပေးဖို့ ဘယ်လိုပုံစံလေးတွေ လုပ်ရတယ်ဆိုတာ ပြောပြပေးပါတယ်။
Physical Exercise အနေနဲ့ဆိုရင် လမ်းလျှောက် နိုင်တဲ့ လူနာတွေကို သူတို့ ခုတင်ဘေးမှာ လမ်းလျှောက်ဖို့ အတွက် ကျွန်မတို့က အမြဲတမ်းသတိပေးပြီး ပြောပေး ပါတယ်။ သူတို့ခန္ဓာကိုယ် ကျန်းမာရေးအတွက်ပါ။ စိတ်ကျန်းမာရေးအတွက်က သူတို့စိတ်တည်ငြိမ်အောင် ဘယ်လိုပြုမူ ရမလဲဆိုတာ ပြောပြပေးပါတယ်။ အသက်ရှူ လေ့ကျင့်ခန်း လုပ်ခိုင်းပါတယ်။ အသက်ကို ရင်ဘတ် ပြည့်ဖောင်းပြီး ဗိုက်ဖောင်းတဲ့အထိ နှာခေါင်းကနေ ဖြည်းဖြည်းလေး ရှူခိုင်းပါတယ်။ အဲဒီလို ရှူခိုင်းနေစဉ် အတွင်းမှာပဲ ငါ့စိတ်ကလေး တည်ငြိမ်နေတယ်ဆိုပြီး စိတ်ထဲက နေရွတ်ဆိုပြီး ရှူသွင်းခိုင်းပါတယ်။ ပြီးရင် အသက်ကို ဖြည်းဖြည်းလေး ပြန်ရှူထုတ်ခိုင်းတယ်။ အဲဒီလို ပြန်ရှူထုတ်တဲ့ အချိန်မှာလည်း ငါ့ရဲ့တင်းကျပ်မှုတွေ လျော့သွားတယ်ဆိုပြီး အဲဒီလိုမျိုး စိတ်ထဲကနေ ပြောပြပြီးတော့၊ ပြောခိုင်းပြီးတော့ ရှူထုတ်ခိုင်းပါတယ်။
အဲဒီလိုမျိုး တစ်ခါလုပ်ရင် ငါးကြိမ်လုပ်ခိုင်းပါတယ်။ အချိန်ရရင် ရသလိုလုပ်ဖို့လည်း ပြောပြပေးပါတယ်။ နောက်တစ်ခုကတော့ စိတ်နဲ့ကိုယ်နဲ့ကပ်ဖို့၊ သတိကပ်နေ ဖို့အတွက် သူတို့ကို အကျင့်လုပ်ပေးဖို့ ပြောပါတယ်။ အဲဒီအခါမှာ ဒီစိတ်ဖိစီးတာက လျော့သွားပါတယ်။
အားတဲ့အချိန်မှာ စာဖတ်ခိုင်းတယ်။ ကိုယ့်ရဲ့ စိတ်အေးချမ်းရာစာတွေ၊ ကိုယ့်စိတ်တက်ကြွစေတဲ့ စာမျိုးတွေ ဖတ်ခိုင်းပါတယ်။ ငြိမ့်ညောင်းသာယာတဲ့ သီချင်းတွေကိုလည်း နားထောင်ခိုင်း ပါတယ်။ နောက်ပြီး ကိုယ့်မိသားစုဝင်တွေ၊ အပေါင်းအဖော် တွေနဲ့လည်း Viber ၊ Online ကနေပြီးတော့ ကိုယ်နဲ့ ရင်ဘတ်ချင်းတူတဲ့ လူတွေ၊ ကိုယ့်ကို နားလည်ပေးတဲ့သူတွေနဲ့ စကားတွေ ပြောခိုင်းတယ်။ နောက်တစ်ခုကတော့ ကိုယ်ကိုးကွယ်တဲ့ ဘာသာအလိုက် ဘုရားရှိခိုးဖို့၊ တရားနာဖို့အတွက်ကို လည်း သူတို့ကို အားပေးထားပါတယ်။ ညဘက်တွေလည်း ကောင်းကောင်းအိပ်မပျော်ဘူးဆိုရင် ကျွန်မတို့က ဆေးဝါးအကူအညီ ပေးဖို့အတွက် စီစဉ်ထားပါတယ်။ ဒါပေမယ့်လည်း အခုချိန်ထိကတော့ ဆေးဝါးအကူအညီပေးရတဲ့ လူနာတစ်ယောက်မှ မရှိသေးပါဘူး။
ကိုယ့်အပေါင်းအသင်းထဲမှာ ဒီရောဂါတွေ့မယ်ဆိုရင် ဒီရောဂါရဲ့ သဘောသဘာဝကို ပြောပြပေး ရမှာပါ။ ဒီရောဂါကတော့ ၈၀ ရာခိုင်နှုန်းကတော့ ပြန်ကောင်းတယ်၊ ၅ ရာခိုင်နှုန်း လောက်ပဲ အဆုံးအရှုံးရှိတယ်။ ဒါပေမယ့် ဒီ ၅ ရာခိုင်နှုန်းဆိုတာလည်း အခံရောဂါရှိတဲ့ သူတွေမှာပဲ ဆုံးရှုံးတာများတယ်။ အဲဒီတော့ ကိုယ်ခံအားကောင်းနေရင် ဒီရောဂါကို အလွယ်တကူ တိုက်ထုတ် နိုင်မှာပဲ။ စိုးရိမ်စရာ မလိုဘူး။ ကြောက်စရာမလိုဘူး။ ကိုယ်ခံအား ကောင်းအောင် ကြိုးစားရမယ်ဆိုပြီး ကျွန်မတို့ နှစ်သိမ့်ရတာပါ။
ပါမောက္ခ ဒေါက်တာတင့်တင့်ကြည်
(ဆေးပညာဌာန၊ နေပြည်တော် ခုတင် (၁၀၀၀) ပြည်သူ့ဆေးရုံကြီး)
ကိုဗစ်ရောဂါပိုးရှိနေတဲ့သူ နှာချေ၊ ချောင်းဆိုးရင် ရောဂါပိုးတွေဟာ အပြင်ကို သိန်းဂဏန်း လောက်အထိထွက်ပြီး လေထဲမှာ ပျံ့လွင့်နေပါတယ်။ နောက်ပြီး ပစ္စည်းတွေပေါ်လည်း တင်မှာဖြစ်ပါတယ်။ ရောဂါပိုးတင်နေတဲ့ ပစ္စည်းတွေကို လက်နဲ့ကိုင်မိမယ်။ အဲဒီလက်နဲ့ မျက်စိ၊ နှာခေါင်း၊ ပါးစပ်တွေ ကိုင်တွယ်မိခြင်းကနေတစ်ဆင့် ရောဂါပိုးဝင်ရောက်နိုင်ပါတယ်။ ပါးစပ်၊ မျက်စိ၊ နှာခေါင်း ရဲ့ အတွင်းပိုင်းတို့ဟာ အရေပြားလို အကာမပါပါဘူး။ ပျော့ပါတယ်။ အဲဒါကြောင့် ရောဂါပိုးက တစ်ခါတည်း ဝင်သွားလို့ရပြီး ခန္ဓာကိုယ်ထဲကို ရောက်သွားတာ ဖြစ်ပါ တယ်။ ချောင်းဆိုး၊ နှာချေခြင်းကနေ ရောဂါပိုးက လေထဲ မှာပျံ့လွင့်ပြီး တိုက်ရိုက် နှာခေါင်း၊ ပါးစပ်ထဲကိုဝင်ခြင်း၊ ရောဂါပိုးကပ်တွယ်နေတဲ့ ပစ္စည်းတွေကို လက်နဲ့ကိုင်တွယ်မိပြီး လက်ကတစ်ဆင့် ဝင်ခြင်းတွေ ဖြစ်ပါတယ်။ လက်ကို အရက်ပြန် သို့မဟုတ် ဆပ်ပြာနဲ့ စက္ကန့် ၂၀ လောက် သေချာဆေးလိုက်မယ်ဆိုရင် လက်မှာရှိနေတဲ့ ရောဂါပိုး တွေဟာ သေသွားမှာ ဖြစ်ပါတယ်။ ရောဂါပိုး အလွယ်တကူ ဝင်ရောက်နိုင်တဲ့ နေရာတွေကတော့ အရေပြားလို အကာ မပါတဲ့ မျက်စိ၊ နှာခေါင်း၊ ပါးစပ်လိုနေရာတွေ ဖြစ်ပါတယ်။
ရောဂါပိုးဝင်ရောက်ပြီဆိုရင် ခန္ဓာကိုယ်ရဲ့ Body Immune System တွေကသိပါတယ်။ Immune System ကောင်းတဲ့သူတွေဟာ ရောဂါဝင်ရောက်လာပြီဆိုရင် သိတဲ့ အတွက်ကြောင့် ခန္ဓာကိုယ်ရဲ့ Immune System ဟာ Alert ဖြစ်နေပြီး ရောဂါပိုးကို နှိမ်နင်းနိုင်လိုက်တယ်ဆိုရင် အဲဒီ လူဟာ ရောဂါပိုးခန္ဓာကိုယ်အတွင်း ဝင်ရောက်ပြီး ဖျားနာ၊ ချောင်းဆိုးဖြစ်ရင်လည်း ရောဂါလက္ခဏာ ကြီးကြီးမားမား မပြဘဲ ဆေးရုံက ပြန်ဆင်းနေသူတွေရှိပါတယ်။ ခန္ဓာ ကိုယ်ထဲမှာ ဘယ်လောက်အထိ ဒီရောဂါပိုးကို တုံ့ပြန်မလဲ ဆိုတဲ့ အနေအထားအပေါ်မူတည်ပြီး ရောဂါပြင်းထန်မှု ဖြစ်ပါတယ်။
ပထမ လေးရက်လောက်ဟာ ရောဂါပိုးခန္ဓာကိုယ်ထဲမှာ ပွားတဲ့အဆင့်ရှိတယ်။ ပြီးရင် ရောင်ရမ်းမှု စတင်ပြီး ခန္ဓာကိုယ်က ကလီစာတွေကို ထိပါတယ်။ ထိပုံထိနည်းက သွေးကြောရဲ့နံရံမှာရှိတဲ့ သူပေါင်းရမယ့်ဟာနဲ့ သွားပေါင်း ပြီး အောက်ခြေမှာ ခဲပြစ်၊ မာပြစ် လိုက်ပါတယ်။ အလုပ် လုပ်လို့မရအောင် မာသွားပြီး ပိတ်ပစ်ပါတယ်။ ဥပမာ နှလုံးသွေးကြောကိုသွားတဲ့ဟာ ပိတ်ပြီဆိုရင် နှလုံးက အလုပ်လုပ်လို့ မရဘူး။ Heart Attack လိုမျိုး၊ နှလုံးခုန်
မမှန်ခြင်းမျိုး ဖြစ်တတ်ပါတယ်။ အဆုတ်ဆိုရင်လည်း အဆုတ်ရဲ့အတွင်းပိုင်း ကာဗွန်ဒိုင် အောက်ဆိုက်နဲ့ အောက်ဆီဂျင်လဲတဲ့နေရာ လေအိတ်လေးတွေမှာ ထိပါ တယ်။ အဲဒီအပြင် လေအိတ်လေးတွေ ကြားထဲမှာရှိတဲ့ အဆုတ်အတွင်း သား သွေးကြောများပါ ထိပါတယ်။ အဲဒါ ကြောင့် အဲဒီအတွင်းသားတွေဟာခိုင်ပြီး ဘိလပ်မြေ ငုံလိုက်သလို ဖြစ်သွားပါတယ်။ အမှန်ဆို အဆုတ်က လေရှူတာဖြစ်တဲ့အတွက် ပွင့်လိုက်၊ ပိတ်လိုက် လုပ်ရမယ့်နေရာမှာ မပိတ်နိုင် မပွင့်နိုင် ဖြစ်တာမျိုး တွေ့ရပါတယ်။ အဆုတ်ဟာ တော်တော်မာသွားပြီး အလုပ်မလုပ်တော့ ပါဘူး။ ဒီရောဂါပိုးဟာ တခြား နမိုးနီးယားတွေနဲ့ မတူပါဘူး။ ခန္ဓာကိုယ်တစ်ခုလုံးကို ထိပါတယ်။
ရောဂါပိုးဟာ ဆယ်ရက်နောက်ပိုင်းမှာ အခြားသူကို ကူးစက်နိုင်ခြေ မရှိတော့ပါဘူး။ ဒါကြောင့် လူနာတွေ ဆေးရုံဆင်းတော့ မယ်ဆိုရင် ၁၀ ရက်၊ ၁၄ ရက် ဆေးရုံမှာ စောင့်ကြည့်မယ်။ အိမ်မှာပဲ တစ်ပတ်နေမယ်။ သုံးပတ် အတွင်းမှာ ပုံမှန်နေကောင်းတဲ့ လူတစ်ယောက်လို အလုပ် ပြန်လုပ်နိုင်ပြီဆိုတဲ့ ပုံစံမျိုးရှိပါတယ်။
ကိုဗစ်-၁၉ ရောဂါဖြစ်ပြီးသားသူက နောက်တစ်ခါ ပြန်ဖြစ်လားဆိုတာကို စောင့်ကြည့် ကြပါတယ်။ စောင့်ကြည့်တော့ သိပ္ပံသတင်းစာ တွေမှာ ဖြစ်ပြီးသား လူတွေထဲက လူနှစ်ယောက်ပြန်ဖြစ်တာတွေ့တယ်။ ဒီလို လူနှစ်ယောက်ဖြစ်တယ် ဆိုတာပဲရှိပြီး ဖြစ်ပြီးသားသူမှာ နောက်ထပ် များများစားစား ပြန်ဖြစ်တယ်ဆိုတာ မရှိပါဘူး။ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပြီးသား ပြန်ဖြစ်တဲ့ ကိစ္စက ပြတ်တော့မပြတ်သေးဘူး။ ဒါပေမယ့် အများအားဖြင့် ရောဂါကူးစက်မှုအနေအထားက တိုသွားတယ်။ နောက်ပိုင်းမှာဆိုရင် တုပ်ကွေးလိုပဲ အားလုံးက ခံနိုင်ရည် ရှိသွားမှာပါ။
ကျွန်မတို့မှာ ကပ်ရောဂါဖြစ်ပြီဆိုရင် အဆင့်တွေ ရှိပါတယ်။ ကပ်ရောဂါဖြစ်ပွားမှု စတဲ့အချိန်မှာ ကျန်းမာ ရေးနဲ့ အားကစားဝန်ကြီး ဌာနက ဦးဆောင်ပြီး ပြင်ဆင်စရာရှိတာတွေကို ဇန်နဝါရီလ ကတည်းက စပြီး ပြင်ဆင် တယ်။ ကျွန်မတို့ အချိန်အများကြီးရခဲ့တယ်။ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဦးဆောင်ပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန တစ်ခုလုံးကို Organize လုပ်တယ်။ ပြင်ဆင်တယ်။ တာဝန်ရှိသူတွေကို တင်ပြတယ်။ ပြည်ပက ပြန်လည်ဝင်ရောက် လာကြသူတွေကိုလည်း သေသေချာချာ Quarantine ထားပြီးတော့ စစ်ဆေးကုသတယ်။ Clinician တွေအနေနဲ့လည်း ရောဂါကုသ ဖို့အတွက် တုန်လှုပ်ချောက်ချားမှုမရှိဘဲ ယုံယုံကြည်ကြည်နဲ့ လုပ်စရာရှိတာကို လုပ်တယ်။
စောစောရှာ၊ စောစောသိ၊ စောစောထိန်းဆိုတဲ့ ကိစ္စက တကယ်အလုပ်ဖြစ်ခဲ့တယ်။ ဒါပေမယ့် လူတွေ စိတ်ပူနေကြတာ ပြည်တွင်းကူးစက်မှုပါ။ ဘယ်ကနေ ပေါ်လာမှန်းမသိဘူး။ ဘယ်ကို လိုက်ရမှန်းမသိဘူး။ ဒါကြောင့် ပြည်သူတွေက ထိတ်လန့် ကြပါတယ်။ ထိတ်လန့် ကြပေမယ့် တတ်နိုင်သလောက်တော့ ရှာပြီးကုသတယ်၊ ထိန်းထားတယ်။ ဖောင်ကြီးမှာဆိုရင် လူနာ ၁၀၀၀ကျော် သွားပြီ။ ရန်ကုန်မှာ ကုသတဲ့ စင်တာတွေထားပြီ ဖြစ်ပါတယ်။ ဒါတွေက ထိန်းထားခြင်းပဲဖြစ်ပါတယ်။ ဒီလို ထိန်းထား လိုက်ရင် နောက်ထပ် ရာ၊ ထောင်ချီပြီးတော့ မပြန့်တော့ဘူး။ ဒါကို Containment Strategy လို့ ခေါ်ပါတယ်။
ဒီ Containment Strategy က ရခိုင်ပြည်နယ်မှာ အောင်မြင်ပါတယ်။ ရခိုင်ပြည်နယ်က လူတိုင်းက အိမ်ပြင်မထွက်ရဆိုတာနဲ့ လုံးဝမထွက်တော့ဘူး။ နှစ်ပတ်လောက်ကြာတဲ့အခါမှာ ရခိုင်ပြည်နယ်က ရာဂဏန်းဖြစ်ပွားရာကနေ အခုအချိန်မှာ ခုဂဏန်းပဲ ရှိပါတော့တယ်။ ဒီလိုမျိုးပဲ ရန်ကုန်ကို လုပ်ကြရမှာ ဖြစ်ပါတယ်။ ရန်ကုန်မှာက လူဦးရေသန်းချီရှိတယ်။ အိမ်ထဲ မှာပဲ နေဖို့ဆိုတာ ဖြစ်နိုင်မလား။ ရောဂါရှိပြီးသား လူက တစ်နေရာရာမှာ သွားနေဖို့ မဖြစ်နိုင်ဘူးဆိုတာမျိုး Communication Gap က နည်းနည်းရှိနေတယ်။ ဆေးရုံ သွားမပြဘဲ အိမ်မှာပဲနေပါဆိုတဲ့ အယူအဆတွေ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ လမ်းညွှန် ချက်မဟုတ်တဲ့ အယူအဆတွေလည်း ပေါ်လာတယ်။ ဒီအချိန်မှာ ခေါင်းဆောင်မှု တစ်ခုတည်း နောက်ကို Strategy ကောင်းကောင်းနဲ့ အားလုံးက ယုံယုံကြည်ကြည်လိုက်နာပြီး ညီညွတ် မယ်ဆိုရင် ရန်ကုန်မှာ စဖြစ်တဲ့ရက်ကနေ နောက်ထပ် နှစ်ပတ်အကြာမှာ ကူးစက်နေတဲ့ လူနာအရေအတွက်ကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ Containment Strategy က အရေးကြီး ပါတယ်။ နိုင်ငံသား တစ်ဦးချင်း တစ်ဦးချင်း လိုက်နာကြ ဖို့လိုပါတယ်။
အခုအချိန်ဟာ Containment အဆင့်ဖြစ်တယ်။ အရေးအကြီးဆုံးအချိန်ဖြစ်တယ်။ ဘာမှ ဒွိဟမပွားဘဲ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လုပ်နေတဲ့ ကိစ္စတွေကို တိတိကျကျ လိုက်နာဆောင်ရွက်ဖို့ပဲ လိုပါ တယ်။ ဒီအချိန်မှာ တစ်ပြိုင်တည်း၊ တညီတညာတည်း အိမ်ထဲမှာနေကြပါ။ မိမိကနေစပြီး မကူးအောင် လုပ်ပါ။ လက်ဆေးပါ။ စကားပြောရင် mask တပ်ပါ။ Social Distancing နဲ့အလုပ်တွေ လုပ်ပါ။
အခုလိုကာလမှာ လူတွေက ချောက်ချားကြတယ်။ ဘယ်သူပဲဖြစ်ဖြစ် ဒီလိုကာလမှာ ကြောက်တာ၊ ချောက်ချားတာ ဖြစ်နိုင်ပါတယ်။ မိမိအနေနဲ့ လက်ဆေးခြင်း၊ နားနားနေနေ နေခြင်း၊ အာဟာရပြည့်ဝအောင် စားခြင်း၊ ရေသောက်ခြင်း၊ မိမိခန္ဓာကိုယ်က ထွက်တဲ့ စွန့်ပစ်ပစ္စည်းတွေကို သူများတွေ မထိခိုက်အောင် ပြုလုပ်ခြင်း စတာတွေကို ဂရုစိုက်ပြီး ပြုလုပ်မယ်ဆိုရင် တစ်ယောက်ကနေ နောက်တစ်ယောက်ဆီကို ပြန့်ပွားဖို့ မရှိပါဘူး။ အများပြည်သူအနေနဲ့ ရောဂါတွေ့ရှိမှု ဂဏန်းတွေ မြင့်တက်လာတာကြည့်ရင်း စိုးရိမ်ကြမှာပါ။
မျိုးသွင်ကျော်၊ဓာတ်ပုံ-ကျော်ဇင်ထိုက်