ဩဂုတ်လလယ်ပိုင်းတွင် စတင်ခဲ့သည့် ကိုဗစ်-၁၉ ဒုတိယအကျော့ ဝင်ရောက်မှုက ရိုက်ခတ်မှုပြင်းထန်လှသည်။ ရောဂါပိုးကူးစက်ပျံ့နှံ့မှုက မြန်ဆန်လှသလို ဓာတ်ခွဲ အတည်ပြုလူနာ အရေအတွက်နှင့် ရောဂါကြောင့် သေဆုံးမှုအရေအတွက်တို့က တစ်လခန့် အချိန်ကာလ အတွင်းမှာပင် ရုတ်တရက် မြင့်တက်သွားခဲ့သည်။ နိုင်ငံတွင် လူဦးရေ အထူထပ်ဆုံး ဒေသဖြစ်ပြီး စီးပွားရေးအချက်အချာလည်းဖြစ်သည့် ရန်ကုန်သည် ကိုဗစ်-၁၉ နှင့် အဓိကရင်ဆိုင်ရသည့် ဗဟိုချက်မသဖွယ်လည်း ဖြစ်လာသည်။ ကယားပြည်နယ်မှလွဲ၍ ကျန်တိုင်းဒေသ ကြီးနှင့် ပြည်နယ်များတွင်လည်း ယခင်နှင့် နှိုင်းယှဉ်ပါက ပိုးတွေ့လူနာ အရေအတွက်တိုးလာသည်။
ကိုဗစ်-၁၉ ရောဂါလက္ခဏာမပြသည့် လူနာများမှအဆင့်ဆင့် ပြန့်ပွားခဲ့သည့် ပြည်တွင်း ကူးစက်မှုဖြစ်ပြီး ကိုဗစ်-၁၉ မြန်မာနိုင်ငံသို့ ဝင်ရောက်မှုစတင်ခဲ့ပြီးနောက် ခြောက်လခန့် ကြာမြင့်သည်အထိ အတည်ပြုလူနာအရေအတွက် ရာဂဏန်း အနည်းငယ်မျှသာ တွေ့ရှိ ခဲ့ရခြင်း နှင့် ရောဂါနှင့် ဆက်နွယ်၍သေဆုံးသူ ခြောက်ဦးမျှသာရှိခဲ့ ခြင်းတို့ကြောင့် ကိုဗစ်-၁၉ ရောဂါအပေါ် ပေါ့ပေါ့ဆဆသဘောထား ရှုမြင်ကြသူများလာပြီး နယူးနော်မယ်ကိုပါ လျစ်လျူရှုလာခဲ့ခြင်းကြောင့် ယခုလို ပြင်းထန်ခဲ့ရခြင်း လည်းဖြစ်သည်။ လက်ရှိအခြေ အနေတွင် ရန်ကုန်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် မြို့ရွာဒေသအသီးသီးတွင် အသွားအလာ ကန့်သတ် ထိန်းချုပ်ခြင်းနှင့် ကိုဗစ်- ၁၉ ကာကွယ်တားဆီးရေး စည်းမျဉ်းစည်းကမ်းများကို အလေးအနက် ပြန်လည်ဆောင်ရွက်လျက်ရှိနေပြီဖြစ်ရာ ရက်သတ္တပတ် အနည်းငယ်မျှကြာလျှင် ပြန်လည် ထိန်းချုပ်နိုင်သည့် အခြေအနေသို့ ရောက်ရှိလာမည်ဖြစ်သည်။
ကမ္ဘာ့ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုနှင့် ရင်ဆိုင်နေကြရသည့် အခြေအနေ၊ အချိန်အခါတွင် ပြည်သူလူထုအတွင်း အပြုသဘောဆောင်သည့် သဘောထားများ အားကောင်းစွာ ပျံ့နှံ့ထွန်းကားနေစေရန်မှာ လွန်စွာအရေးပါလှသည်။ အရင်းအမြစ်အားနည်းလှသည့် မိမိတို့ နိုင်ငံတွင် ကျန်းမာရေးဝန်ထမ်းများ၊ အခြားဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့များ၊ လူမှုရေးအဖွဲ့အစည်းများ၊ စေတနာရှင်များ စသည့်အင်အားများဖြင့် ကူးစက်မြန် ကပ်ရောဂါကို တိုက်ပွဲဝင်ကြရာတွင် စိတ်ဓာတ်အင်အားက အဓိကကျသည်။ တစ်ဦး တစ်ယောက်၏ အလိုမကျမှု အတ္တနောမတိဖြင့် အဆိုးမြင်ပုံဖော် ပြောဆိုရေးသားဖြန့်ဝေမှု ပြုလုပ်ခြင်းထက် အားနည်းချက်များ၊ လစ်ဟာနေမှုများကို တွေ့မြင်သိရှိပါက ဝိုင်းဝန်း ကူညီဖြည့်ဆည်း ပေးခြင်းကသာ အပေါင်းလက္ခဏာဆောင်ပြီး လက်တွေ့လည်း ကျမည် ဖြစ်သည်။ ပြည်သူအများတစ်တပ်တစ်အား ပါဝင်ကူညီမှုကိုလည်း အလေးထား၍ ဖိတ်ခေါ် လျက်ရှိသည်။
“ကျန်းမာရေးဝန်ထမ်းတွေ ကြားထဲမှာရော၊ တခြားဝန်ထမ်း တွေကြားထဲမှာရော ရောဂါ ပြန့်ပွားလာတာ အတိုင်းအတာတစ်ခုထိ ရှိပါတယ်။ နောက်ပြီးတော့ ကျွန်မတို့ရဲ့ စေတနာ့ ဝန်ထမ်းတွေ ဝိုင်းဝန်းကူညီနေတာ ကျွန်မတို့ရဲ့ အားသာချက်တစ်ခုက ဒါပါပဲ။ ကျွန်မတို့ ပြည်သူတွေက တကယ်အရေးကြီးပြီဆိုရင် သွေးစည်းကြပါတယ်။ တတ်နိုင်သမျှ ဝိုင်းဝန်းကူညီ ကြပါတယ်။ ဒီအကူအညီတွေအတွက်လည်း ကျွန်မတို့ ကျေးဇူးတင်ကြောင်း ပြောချင်တယ်။ ထပ်လည်းဖိတ်ခေါ်ချင်ပါတယ်။ ကျွန်မတို့ စေတနာ့ဝန်ထမ်းတွေ၊ ပညာရှင်တွေ နိုင်ငံတော် အစိုးရရဲ့ လုံးပန်းမှုတွေကို ဝိုင်းဝန်းကူညီပေးကြပါ”ဟူ၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံ အတွင်း ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှု အခြေအနေနှင့် စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့်မိန့်ခွန်းတွင်ပြောကြားထားသည်။
ကိုဗစ်-၁၉ ကပ်ရောဂါ မြန်နိုင်သမျှမြန်စွာ ချုပ်ငြိမ်းအဆုံးသတ် သွားရန်မှာ ပြည်သူများက အဓိကဖြစ်သည်။ ရောဂါကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ နေထိုင်၍ မိမိကိုယ်ကိုယ် ကာကွယ်ရေးနှင့် အခြားသူများကိုပါ ကာကွယ်ရေး၊ ကပ်ရောဂါ တိုက်ဖျက်ရေး ဆောင်ရွက်မှုလုပ်ငန်းများတွင် တစ်တပ်တစ်အား ပူးပေါင်းပါဝင်ကူညီရေးတို့ကို လက်တွေ့ကျကျ ဆောင်ရွက်ကြခြင်း ဖြင့် နိုင်ငံ့သားကောင်း သမီးကောင်းများအဖြစ် တာဝန်ကျေပွန်နိုင် ကြပါစေကြောင်း။