Skip to main content

ဒုတိယဝန်ကြီး ဦးရဲတင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း သတင်းစာတိုက်များနှင့် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနရှိ ပုံနှိပ်စက်ရုံများသို့ သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော် စက်တင်ဘာ ၁၄

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ နေပြည်တော်တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသို့ရောက်ရှိပြီး လျှပ်စစ်ဓာတ်အား ပြတ်တောက်နေခြင်းကြောင့် မီးစက်ဖြင့် ရုပ်မြင်သံကြားနှင့်ရေဒီယိုအဆက်မပြတ် ထုတ်လွှင့်ပေးနေမှုများ၊ မီးစက်နှစ်လုံးဖြင့် အလှည့်ကျမီးပေးနိုင်ရန် စီစဉ်ဆောင်ရွက်နေမှုများ၊ စက်ရုံလေအေးပေးစနစ်အတွက် ရေရရှိအောင်ဆောင်ရွက်နေမှုများ၊ ဝန်ထမ်းအိမ်ရာများအတွင်း လက်ဆွဲမီးစက်များဖြင့် သောက်သုံးရေအလှည့်ကျတင်ပေးနေမှုများကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့်တွေ့ဆုံအားပေး စကားပြောကြားသည်။

ဒုတိယဝန်ကြီးက တာဝန်ရှိသူများနှင့်ဝန်ထမ်းများအား တွေ့ဆုံရာတွင် ပြည်သူ့အတွက် ရုပ်မြင်သံကြားနှင့်ရေဒီယိုအား ဖြစ်နိုင်သည့်နည်းလမ်းများဖြင့် မပြတ်တောက်အောင် ထုတ်လွှင့်နိုင်ရေး ကြိုးစားဆောင်ရွက်ကြရန်နှင့် လျှပ်စစ်မီးပြန်လည် ရရှိရေးညှိနှိုင်းဆောင်ရွက်နေမှုများ၊ မကြာမီတစ်နိုင်ငံလုံးတွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူတော့မည်ဖြစ်ပြီး ဆက်လက်၍ (၂၅) နှစ်မြောက်ငွေရတု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပတော့မည်ဖြစ်ရာ လိုအပ်သည့် အသိပညာပေးမှုများ အဆက်မပြတ်ဆောင်ရွက်ရေး၊ သတင်းထုတ်ပြန်မှုများ ဆောင်ရွက်ရာတွင် အမှားအယွင်းမရှိရေးတို့ကို မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် လျှပ်စစ်ဓာတ်အားပြန်လည်ရရှိရေးဆောင်ရွက်နေသည့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများအား တွေ့ဆုံနှုတ်ဆက် အားပေးစကားပြောကြားသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ဇေယျာသီရိမြို့နယ် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း သတင်းစာတိုက်များနှင့် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ပုံနှိပ်စက်ရုံတို့သို့ရောက်ရှိရာ စက်ရုံများအတွက် ရေရရှိရေးဆောင်ရွက်ပေးသည့် ဆင်သေချောင်းအတွင်းမှ ရေစုပ်စက်နှင့် လျှပ်စစ်ပိုင်းဆိုင်ရာများ မျောပါပျက်စီးမှုကို ကြည့်ရှုစစ်ဆေးကာ ဝန်ထမ်းအိမ်ရာများအတွက် အဝီစိတွင်းနှင့် ရေသယ်ယာဉ်တို့ဖြင့် သောက်သုံးရေဖြန့်ဝေပေးနေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနတွင် ယခုနှစ်ဘတ်ဂျက်ဖြင့် ဆောင်ရွက်မည့် အဝီစိတွင်းတစ်တွင်း တူးဖော်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ အားပေးစကားပြောကြားကာ လုပ်ငန်းဆိုင်ရာများ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်